DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်တပ်နှင့်ရဲ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး၊ ဗုံးကြဲခံရသဖြင့် ကသာ PDF ၁ ဦး ကျဆုံး
DVB
·
December 27, 2023
စစ်ကိုင်းတိုင်းတွင် စစ်တပ်နှင့်ရဲ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး၊ ဗုံးကြဲခံရသဖြင့် ကသာ PDF ၁ ဦး ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ခရိုင်တရားရုံးကို ဒီဇင်ဘာ ၂၆ ရက် မနက် ၁၀ နာရီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “ချတာကတာ့ ပေါက်ကွဲအားကောင်းတဲ့ ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီရဲတပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန် ရသွားတယ်လို့ အတွင်းသ‌‌တင်းပေးဆီကနေ ပြန်သိထားရတယ်။ ကျနော်တို့အနေနဲ့ ပြည်သူ‌အပေါ် ဖိနှိပ် အနိုင်ကျင့် ဗိုလ်ကျနေတဲ့ စကစထောက်တိုင်မှန်သမျှ အမြစ်ဖြတ် ချေမှုန်းသွားမယ်လို့ နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ကျားညီနောင်၊ MRTF၊ NGWE DWIN REVOLUTION FORCE၊ တံတားညီနောင် ပြောက်ကျားတပ်ဖွဲ့၊ နဂါးညီနောင်၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သိဒ္ဓိရှင်၊ ဗိုလ်လင်းရောင် ဒီပဲယင်း၊ သိခ်အားမာန်၊ တိုက်နယ် ၂ တပ်ပေါင်းစု ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက သာစည်ရဲစခန်းကနေ ပရဟိတကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့သလို ပရဟိတယာဉ်မောင်း ၂ ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မုံရွာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာမှာ စစ်ဆေးနေစဉ် မွန်းတည့် ၁၂ နာရီလောက်က မုံရွာဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်သားတွေ ပါလာတဲ့ ပရဟိတကားတစီးကို ရပ်တန့်ခိုင်းရာ မရပ်တန့်ဘဲ ‌မောင်း‌နှင်ပြီး ပစ်ခတ်တဲ့အတွက် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သား ၅ ဦးစလုံး သေဆုံးခဲ့ပြီး G3 ၂ လက်၊ MA13 ၁ လက်၊ ခဲယမ်းနဲ့ ကျည်ဘောက်တွေ ရရှိခဲ့သလို စစ်ကောင်စီတပ်သားတွေ အတင်းခေါ်လာတဲ့ ပရဟိတသမား ၂ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။

တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက “NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြို့နယ်အဆင့်၊ ခရိုင်အဆင့် အဆင့်ဆင့်က‌နေ တာဝန်ရှိတွေရဲ့ တာဝန်ပေးမှုတွေကြောင့် မြို့နယ်ပကဖ၊ ပလဖအဖွဲ့တွေနဲ့အတူ လမ်းပိုင်းစစ်ဆေးမှု လုပ်နေတဲ့အချိန်မှာ ပရိတကားတစီးက မရပ်ဘဲ ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ကျနော်တို့တပ်ဖွဲ့တွေကော ပရဟိတသမားတွေပါ ဒဏ်ရာမရရှိခဲ့ပါဘူး။ သူတို့က သာစည်ရဲစခန်းကနေ ဒဏ်ရာရတဲ့ရဲတဦးကို မုံရွာဆေးရုံကို ပို့ဖို့ဆိုပြီး ပရဟိတကားနဲ့ ပရဟိတသမား ၂ ဦးကို ချောဆွဲခဲ့တာ” လို့ ပြောပါတယ်။

ပရဟိတသမားတွေကိုတော့ စစ်သည်တော်ကျင့်ဝတ်နဲ့အညီ မြို့နယ်နဲ့ချိတ်ဆက်ပြီး ပြန်လွှတ်ပေးသွားမယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့နဲ့အတူ မုံရွာမြို့နယ် အမှတ် ၂ တိုက်နယ် ပကဖ၊ မုံရွာပြည်နယ်လုံခြုံရေးအဖွဲ့-ပလဖ၊ Golden Eagle Force-Monywa၊ God of Monywa၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်တဖွဲ့တို့က ပူပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မုံရွာမြို့ ကန်သာယာရပ်ကွက်မှာ ဒီဇင်ဘာ ၂၃ ရက်ကလည်း စစ်ကိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ လမ်းလျှောက်ပွဲကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအများအပြား ဒဏ်ရာရရှိခဲ့သလို သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က သေဆုံးမှုနဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာမှာ ဒီဇင်ဘာ ၂၆ ရက် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် PDF တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး အသက်မပြည့်သေးတဲ့ ကလေးတဦး အပါအဝင် ပြည်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် လေယာဉ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ခေတ္တဝင်ရောက်နားခိုတဲ့ မိုးတားလေးကျေးရွာက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီလေယာဉ်က ဗုံးလာကြဲတာ။ ကျွန်းပင်ရွာဘက်တလုံး၊ မိုးတာလေးဘက် တလုံးကြဲတယ်။ မိုးတားလေးက အိမ်ပေါ် တည့်တည့်ကိုကျတာ။ အဲ့ဒီအိမ်မှာက PDF တွေ ကင်းလှည့်ရင်း ခေတ္တ ဝင်နားတဲ့အချိန် ဗုံးကြဲသွားတာ။ ကျနော်သိရသလောက် PDF တယောက်သေတယ်။ အဲ့နားပတ်ဝန်းကျင်က နေအိမ်တွေ ပျက်စီးပြီး ကလေးတဦး အပါအဝင် ပြည်သူ ၆ ဦးလောက် ဒဏ်ရာရသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် PDF တပ်ဖွဲ့ဝင် ကိုကြယ်လေး သေဆုံးခဲ့ပြီး အရပ်သားပြည်သူတွေဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ် မောင်သားတုန် ဆိုသူနဲ့ ဒေါ်မြလွင်၊ ဒေါ်ခင်သန်း၊ ဦးကျော်မင်းထွန်း၊ ဒေါ်မီးမီး၊  ဦးကျော်မျိုးသက်တို့ဟာ ဗုံးစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ) တွေ ရရှိခဲ့တာပါ။

မိုးတားလေးကျေးရွာဟာ အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ တိုက်နယ်ကျေးရွာတခုဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် လူထိခိုက်သေဆုံးမှု ရှိခဲ့သလို အရပ်သားပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးကာ လူမှုကူညီရေးရုံးနဲ့ မော်တော်ယာဉ်တစီး၊ ထရန်စဖော်မာတလုံး ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း မိုးတားလေးကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်သုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013