DVB Logo
Home
မြန်မာသတင်း
မြောက်ဦးစစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲ၊ ကလေး ၃ ဦး အပါအဝင် ၄ သေဆုံး
DVB
·
December 27, 2023
မြောက်ဦးစစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲ၊ ကလေး ၃ ဦး အပါအဝင် ၄ သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၆ ရက် ညပိုင်းက စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ကလေးငယ် သုံးယောက် အပါအဝင်  လေးယောက်သေဆုံးကာ နှစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့ ဘုရားပေါ် စစ်ဘေးရှောင်စခန်းကို မနေ့ ည ၇ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က  တမင်တကာရည်ရွယ်ပြီး ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ မြောက်ဦးမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဓမ္မာရုံထဲမှာ ကျရောက်ပေါက်ကွဲပြီး ဆော့ကစားနေတဲ့ ကလေးငယ် နှစ်ယောက်နဲ့ အမျိုးသမီး တယောက် ပွဲချင်းပြီးသေဆုံးခဲ့ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့ သုံး ယောက်ထဲက ကလေးငယ်တယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူတွေကတော့ ဘုရားပေါ် စစ်ဘေးရှောင်စခန်းက အသက် ၁၀ နှစ်အရွယ် မယုလှိုင်မိုး၊ အသက် ၁၁ နှစ်အရွယ် မအေးသန်းကြည်၊ အသက် ၉ နှစ်အရွယ် မောင်ကျော်မင်းစိုးနဲ့ အသက် ၅၂ နှစ်အရွယ် ဒေါ်သိန်းဝါနုတို့ဖြစ်ပြီး ဒဏ်ရာတွေ အများအပြားရရှိကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၄ နှစ်အရွယ် မောင်အေးထွန်းနိုင်နဲ့ အသက် ၄၇ နှစ်အရွယ် ဒေါ်အကျော့မေ တို့မှာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရရှိခဲ့လို့ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

မနေ့ညနေပိုင်း ၄ နာရီလောက်မှာပဲ စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၁ စင်းနဲ့ ဗုံး ၆ လုံးကြဲချလို့ မြောက်ဦးမြို့ ရုံးပေါင်းစုံဝင်းအတွင်းရှိ အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်၊ ငွေတောင်ပေါက်မှာရှိတဲ့ ရုံးပေါင်းစုံဝင်းနားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့နယ်ထွေအုပ်ရုံးဟောင်း အပါအဝင် အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ကာ မင်္ဂလမာရ်အောင်တောင်နားမှာ ၂ လုံး၊ နာရေးကူညီမှုအသင်းရုံးနားမှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြောက်ဦးမြို့ ဒေသခံ တယောက်က ပြောပါတယ်။

မြောက်ဦးမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနားမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ မနေ့ မနက် ၅ နာရီလောက်မှာ တကြိမ်၊ မနက် ၁၁ နာရီလောက်မှာ တကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်  စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ဦးအခြေစိုက် ခမရ ၃၇၇၊ ၃၇၈၊ ၅၄၀ စစ်ကောင်စီတပ်ရင်းတွေကလည်း မွန်းလွဲ ၁ နာရီကျော်လောက်မှာတကြိမ်  ညနေ ၅ နာရီကျော်ကနေ ည ၇ နာရီ ၄၀ မိနစ်အထိ တကြိမ် လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ မွန်းလွဲ ၁ နာရီကျော်လောက်မှာ ဆင်ချဆိပ်ရပ်ကွက် အပါအဝင် ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး ဆင်ချဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး အသက် ၅၈ နှစ်အရွယ် ဦးမောင်ပုကို လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

မြောက်ဦးမြို့ ဒေသခံတယောက်က“နေအိမ်မှာနေရင် မလွတ်မှာစိုးလို့ တဲမှာ မိသားစုလိုက် သွားရောက်ပုန်းခိုနေတဲ့အချိန်မှာ ရင်ဘတ်တွေ၊ ခြေထောက်တွေနဲ့ လက်တွေမှာ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပြီး အလောင်းကိုတော့ ဆင်ချဆိပ်(ရွာသစ်)ကို သယ်လာကြပြီ။ မြောက်ဦးမြို့မှာ စစ်ကောင်စီရဲ့ အထိုင်တပ်ရင်းတွေက နေ့ရောညပါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေကို ဆက်တိုက် ပစ်ခတ်နေတာပါ။ လက်နက်ကြီးက ၅ မိနစ်ကို တလုံးနှုန်းလောက် ပစ်ပါတယ်။ လက်နက်ငယ်သံတွေလည်း အဆက်မပြတ် ကြားနေရတယ်” လို့ ပြောပါတယ်။

မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်မှာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူတယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၄၀ ကျော်လောက် သေဆုံးကာ ၁၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013