DVB Logo
Home
နိုင်ငံရေး
အန်အယ်လ်ဒီက မဘသကို တရားစွဲမှု စစစ်တော့မည်
DVB
·
August 22, 2014
အန်အယ်လ်ဒီက မဘသကို တရားစွဲမှု စစစ်တော့မည်
Donate to DVB

မကွေးတိုင်း ပွင့်ဖြူမြို့နယ်က မျိုးစောင့်ဥပဒေပေါ်ထွန်းရေး ဟောပြောပွဲမှာ ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးဘာသာသာနာစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတဦးကို တရားစွဲဆိုမှု လာမယ့်စက်တင်ဘာ ၁ ရက်နေ့ ပွင့်ဖြူတရားရုံးမှာ စတင်စစ်ဆေးတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ၉၆၉ အဖွဲ့က မျိုးစောင့်ဥပဒေ ပေါ်ထွက်ရေးဟောပြောပွဲကို မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။

ဒီပွဲက စင်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဗီနိုင်းဟာ ဂုဏ်သိက္ခာကို ထိပါးစေတယ်ဆိုပြီး တိုင်း အန်အယ်လ်ဒီက မေလမှာ တရားစွဲဆိုခဲ့တာပါ။ ပါတီဥက္ကဋ္ဌ သိက္ခာကျဆင်းစေမှုနဲ့ စွဲပေမယ့် တရားရုံးက အခြားအမှုတခုနဲ့ လက်ခံလိုက်ပါတယ်။

မကွေးတိုင်း အန်အယ်လ်ဒီရဲ့ တာဝန်ပေးချက်အရ တရားလို ဦးအောင်ဝင်းက ဒီဟောပြောပွဲ ဦးဆောင်ဆောင်ရွက်သူ ဦးမျိုးသန့်ကို ရဲစခန်းမှာ မေလ ကုန်ပိုင်းက အမှုဖွင့်ခဲ့တာဖြစ်ပြီး လာမယ့် စက်တင်ဘာ ၁ ရက်နေ့ တရားရုံးမှာ စတင်စစ်ဆေးမှာဖြစ်ပါတယ်။

တရားရုံးတာဝန်ပေးချက်အရ ပြုလုပ်တဲ့ ရဲစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာမှာ ငြိမ်ဝပ်ရေးကို ပျက်ပြားအောင် လှုံ့ဆော်တဲ့အချက်နဲ့ တဖက်နဲ့တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်တဲ့ ဆောင်ရွက်ချက်တွေ ပေါ်တယ်ဆိုတာမပါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုတာ ပေါ်လွင်ကြောင်း သုံးသပ်ချက်ပါရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပွင့်ဖြူမြို့နယ် တရားရုံးက ရဲအစီရင်ခံစာနဲ့ မပတ်သက်တဲ့ ပုဒ်မ ၂၉၈ ဖြစ်တဲ့ “မိမိကိုးကွယ်နေတဲ့ ဘာသာကို ဆက်မကိုးကွယ်ချင်အောင် ဆောင်ရွက်တဲ့ ပြုမူပြောဆိုချက်ကို အရေးယူတဲ့ပုဒ်မ” နဲ့သာ အမှုဖွင့်လက်ခံတယ်လို့ ဆိုပါတယ်။

ဒီဟောပြောပွဲမှာ  ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိက္ခာကျအောင်၊ ငြိမ်ဝပ်ပိပြားမှုပျက်ပြားအောင်၊ ဘာသာတခုနဲ့ တခု အငြင်းပွားစေမယ့်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဥပဒေအဖွဲ့ဝင် ရှေ့နေကြီး ဦးတင်အောင်ထွန်းက  ပြောပါတယ်။

“မျိုးစောင့်ဥပဒေပေါ်ထွက်ရေးဆိုပြီးတော့- အဲဒီခေါင်းစဉ်နဲ့တပ်လုပ်ပြီးတဲ့အခါ အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာကျဆင်းအောင်၊ ငြိမ်ဝပ်ပိပြားမှုကို အခုအစိုးရပြောပြောနေတဲ့ ငြိမ်ဝပ်ရေးပျက်ပြားအောင်၊ နောက်တခုက တဖက်နဲ့ တဖက် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ နောက်တခါ ဗုဒ္ဓဘာသာနဲ့ အန်အယ်လ်ဒီ အငြင်းပွားပြီးတော့ ပြစ်မှုဖြစ်ပွားအောင် ရည်ရွယ်တဲ့ ပုဒ်မ (၅၀၅ (ခ) တို့၊ (ဂ) တို့ ၀င်တဲ့ လုပ်ရပ်မျိုးတွေကို ပေါ်ပေါ်တင်တင်လုပ်သွားတယ်။ ဘယ်လောက်ထိ လုပ်သွားသလဲဆို ဗီနိုင်းနဲ့၊ ပိုစတာတွေနဲ့ အဲဒီမှာ လုပ်တယ်။ ပြစ်မှုသုံးခု ပုဒ်မသုံးခုပေါ့။ ကျနော်တို့ ဒီ အန်အယ်လ်ဒီဥက္ကဋ္ဌနဲ့ အန်အယ်လ်ဒီပါတီကို ဂုဏ်သရေဆိုတာ ဥပမာပြောရမယ်ဆိုရင် အဲဒီဟောပြောပွဲမှာ သူက ဗီနိုင်းပိုစတာကြီးနဲ့ထောင်တယ်။ ပုံတပုံက ဘာပါလဲဆိုတော့ ဦးဝီရသူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပုံကို ကွန်ပျူတာ effect နဲ့ လုပ်ထားတယ်။

“ဦးဝီရသူက သူက ဘာပြောလဲဆိုတော့ ဘုရား၊ စုကြည်၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ရတနာ ခြောက်ပါးကို ရှိခိုးပါတယ် ဘုရားဆိုပြီးတော့ ရှိခိုးတဲ့ပုံ။ ဒီဘက်က ဘွားတော် ဒေါ်စုရဲ့ပုံကို ဘာလုပ်သလဲဆိုတော့ တော်ပါတော့ ဆိတ်ဂွေးစိဘုန်းဘုန်းရယ်ဆိုပြီးတော့။ အဲဒီဗီနိုင်းပိုစတာမျိုးက ကျနော်တို့ ဥက္ကဋ္ဌနဲ့ အန်အယ်လ်ဒီကို ဂုဏ်သိကာကျဆင်းအောင်လုပ်တာ။”

ဒီဟောပြောပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူးထံ အခွင့်တောင်း ဓာတ်ပုံမှတ်တမ်းတင်ပြီး မြို့နယ်ရဲကို အဲဒီဓာတ်ပုံ ၅၃ ပုံ အပ်နှံထားသလို၊ တရားရုံးမှာလည်း သက်သေခံရအောင် သွင်းသွားမယ်လို့ သူက ပြောပါတယ်။

ဒီဟောပြောပွဲတွေရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်သူတွေကို ရိပ်မိသိရှိပေမယ့်  ထုတ်ပြောဖို့ အချိန်မသင့်သေးဘူးလို့လည်း သူက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ၊ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ အရင်ဖြတ်သန်းခဲ့တဲ့ ကာလတလျှောက်လုံး အုပ်ချုပ်ရေးပိုင်းက တရားစွဲဆိုတဲ့အခါ အလွယ်တကူဖြစ်ပေမယ့် အခု ကိစ္စ တရားစွဲဆိုရာမှာ အတော်ခဲခဲယဉ်းယဉ်း လုပ်ဆောင်ရတယ်လို့ ပြောပါတယ်။

အန်အယ်လ်ဒီ တိုင်းအတွင်းရေးမှူး ဦးနေမျိုးကျော်က  လူထုအကြား ထင်ယောင်ထင်မှားဖြစ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဘသ၊ မျိုးစောင့်ဥပဒေအကြားရှိနေတဲ့ အကြိတ်အခဲပေါ်မှာ အမြင်မကြည်လင်မှုနဲ့ ပြန်လည်တရားစွဲဆိုခြင်းမဟုတ်ဘဲ ဥပဒေဘောင်တွင်းက ဆောင်ရွက်တာလို့ ပြောပါတယ်။

“အန်အယ်လ်ဒီဟာ ဒီပွင့်ဖြူအမှုမှာ တရားဥပဒေရှုထောင့်ကပဲ ကြည့်ပြီးတော့မှ ဒီကနေ့ ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်မှာ နိုင်ငံရေးပါတီတွေရော၊ ပါတီဝင်တွေရော၊ ပါတီခေါင်းဆောင်တွေအပေါ်မှာ ဥပဒေနဲ့ အညီ လေးစားတန်ဖိုးထားရမယ့်ကာလမှာ ဒီလိုမျိုးဥပဒေပြင်ပက ဆောင်ရွက်ကြိုးပမ်းမှုတွေကို ကျနော်တို့ အလိုမရှိဘူး။ ဒါကြောင့်မို့ ဥပဒေရှုထောင့်က တရားစွဲဆိုတယ်ဆိုတာ အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်ပဲလို့ ကျနော် ပြောချင်ပါတယ်။”

မကွေးတိုင်းမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီတာဝန်ရှိသူတွေ၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ရှိသူတွေကို အုပ်ချုပ်ရေးပိုင်းက အသံချဲ့စက်ဥပဒေပုဒ်မ၊ ပိုင်နက်ကျူးလွန်မှုတွေနဲ့ စွဲဆိုလို့ အမှုရင်ဆိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013