DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီထိပ်ပိုင်းအဖွဲ့ဝင် ခရီးစဉ်ကြောင့် မြို့ပတ်ရထားခရီးစဉ်အချို့ ဖျက်သိမ်း
DVB
·
December 26, 2023
စစ်ကောင်စီထိပ်ပိုင်းအဖွဲ့ဝင် ခရီးစဉ်ကြောင့် မြို့ပတ်ရထားခရီးစဉ်အချို့ ဖျက်သိမ်း
Donate to DVB

ရန်ကုန်မြို့ကို လာရောက်မယ့် စစ်ကောင်စီထိပ်ပိုင်းအဖွဲ့ဝင် ခရီးစဉ်ကြောင့် မြို့ပတ်ရထား မနက်ပိုင်းခရီးစဉ်တချို့ ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ်တလျှောက်က ဈေးဆိုင်တွေ ပိတ်သိမ်းပေးနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စစ်တပ်လုံခြုံရေး အထူးတိုးမြှင့်ချထားခံရတဲ့ မြောက်ဥက္ကလာပမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တို့က ရထားဘူတာ၊ မီးပွိုင့်၊ ရပ်ကွက်ရုံးတွေနဲ့ လမ်းမထိပ်တွေမှာ ဒီဇင်ဘာ ၂၅ ရက် ညနေကတည်းက စစ်သားတွေနဲ့ ရဲတွေ လာရောက်စောင့်ဆိုင်းနေခဲ့ပြီး ဆိုင်ကယ်၊ ဘေးတွဲ ကယ်ရီဂိတ်တွေနဲ့ လမ်းဘေးဆိုင်တွေကို ပိတ်သိမ်းခိုင်းခဲ့ပါတယ်။

မင်္ဂလာဒုံ အမှတ် ၅၀၂ လေတပ်စခန်းအနီးရှိ ကားလမ်းမတွေနဲ့ ရထားဘူတာနှစ်ခုမှာ စစ်ကားတွေနဲ့ ကင်းလှည့်နေတဲ့အပြင် စစ်သားနဲ့ ရဲတွေကို ပိုမိုချထားတယ်လို့ သိရပါတယ်။

မြို့ပတ်ရထားစီးခရီးသည်တဦးက “ပုံမှန်ဆို ဒီဘူတာကို မနက် ၅ နာရီခွဲလောက်ဆို ရထားရောက်ပါတယ်။ ဒီမနက် ပလက်ဖောင်းမှာ စောင့်နေရင်း အားလုံးမောင်းထုတ်ခံရတာ။ ရန်ကုန်ဘက်ရော တညင်းကုန်းဘက်ကို‌ရော ရထားလည်း တစီးမှမလာဘူး။ ကားဂိတ်သွားတာတောင် ဘူတာပေါ်ကနေ ပေးမဖြတ်ဘူး။ အလုပ်သမားတွေ အိမ်ပြန်ကုန်ကြတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ ရန်ကုန်ဘူတာကြီးကနေ စတင်ထွက်ခွာမြို့ပတ်တဲ့ ရထားဟာ ပြေးဆွဲခဲ့ခြင်းမရှိသလို မင်္ဂလာဒုံဘူတာ၊ ဝေဘာဂီဘူတာနဲ့ ဥက္ကလာပဘူတာတွေမှာ ရထားစောင့်ခရီးသည်တွေကို အစောင့်ရဲတွေက နှင်ထုတ်တာနဲ့ ဖြတ်သန်းခွင့်မပြုတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ရန်ကုန်အခြေစိုက် Mayangone Democratic Front (MDF) အဖွဲ့ တာဝန်ရှိသူက “လုံခြုံရေး တင်းကျပ်ထားတာက အဲ့မတိုင်ခင် ၁၀ လပိုင်း နောက်ပိုင်းကတည်းက ပိုတင်းကျပ်လာတာ မြင်ရတယ်။ အကြမ်းဖက်စစ်တပ် အမြစ်မပြတ်သရွေ့က ပြည်သူတွေအားလုံး ဒီလိုကိစ္စရပ်တွေအပြင် ဒီထက်ဆိုးတာတွေလည်း ကြုံရမှာ မုချမလွဲပါဘဲ။ အဲ့ဒါကြောင့် ကျ‌နော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ ပြည်သူတွေအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အာဏာရှင် အမြစ်ပြတ်ဖို့အတွက်ပဲ ရှေးရှုပြီး တိုက်ပွဲဝင်ပေးကြဖို့နဲ့ ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

Kyimyindaing Network အဖွဲ့ တာဝန်ရှိသူတဦးကလည်း ရန်သူလစ်ဟာတာနဲ့ တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

အဆိုပါမြို့နယ်နှစ်ခုက ပိတ်ထားတဲ့ ရပ်ကွက်ရုံးတွေကို မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက အတင်းဖွင့်ခိုင်းခဲ့ကာ နိုင်ငံတော်အလံကို လွှင့်ထူခဲ့သလို ယူနီဖောင်းဝတ် ရဲတွေအပြင် အရပ်ဝတ်ရဲတွေက ဧည့်စာရင်းစစ်တာနဲ့ လမ်းပိတ်ဆို့စစ်ဆေးတာတွေ ရှိခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းရောက်မှသာ မြို့ပတ်ရထားတွေ ပြန်လည်ပြေးဆွဲခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013