DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးမပေးနိုင်တော့သဖြင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ညပိုင်းပြေးဆွဲမှု ရပ်နား
DVB
·
December 26, 2023
လုံခြုံရေးမပေးနိုင်တော့သဖြင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ညပိုင်းပြေးဆွဲမှု ရပ်နား
Donate to DVB

စစ်ကောင်စီက လုံခြုံရေးမပေးနိုင်တော့တာကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်တွေ ညပိုင်းပြေးဆွဲတာကို ရပ်နားပြီး မနက်ပိုင်းမှာ ပြောင်းလဲပြေးဆွဲနေတယ်လို့ CDM ရထားဝန်ထမ်းတွေဆီက သိရပါတယ်။

ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ ရထားခရီးစဉ်တွေကို ဒီဇင်ဘာ ၂၅ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဖျက်သိမ်းခဲ့ပြီး နောက်ရက်တွေမှာလည်း ခရီးစဉ်တွေလျှော့ချကာ အချိန်ပြောင်းလဲပြေးဆွဲတာတွေ လုပ်နေတယ်လို့ ရထားစီးခရီးသည်တွေနဲ့ CDM ရထားဝန်ထမ်းတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်ကစပြီး ရန်ကုန်-မန္တလေးလမ်းပိုင်း ရထားခရီးစဉ်တွေကို မနက်အစောပိုင်းမှာသာ ထွက်ခွာပြေးဆွဲတော့မှာဖြစ်ပြီး ညရထားခရီးစဉ်တွေ မရှိတော့ဘူးလို့ မြန်မာ့မီးရထား CDM ဝန်ထမ်းတဦးက ပြောပါတယ်။

တော်လှန်ရေးတပ်တွေက လမ်းကြောင်းတွေကို ထိန်းချုပ်လာနိုင်ပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်လာတဲ့အတွက် နေ့ပိုင်းမှာ သွားလာတာကသာ လုံခြုံမှုပိုရှိတယ်လို့ စစ်ကောင်စီက ယူဆကာ အခုလို ရထားခရီးစဉ်တွေကို မနက်အစောပိုင်းကို ပြောင်းလိုက်တာလို့ မြန်မာ့မီးရထား CDM ဝန်ထမ်းတဦးက ပြောပါတယ်။

“ရန်ကုန်-မန္တလေးလမ်းပိုင်း ပြေးဆွဲနေတဲ့ ရထားတွေ ယနေ့ဖျက်သိမ်းလိုက်ပါတယ်။ ၂၆ ရက် ၁၂ လပိုင်းကစပြီး အမှတ် ၅ အဆန် ၆ အစုန်ရထားကတော့ အချိန်ပြောင်းလဲမယ်လို့ သိရပါတယ်။ အဓိကပြောင်းလဲရတဲ့အကြောင်းက လမ်းပိုင်းအခြေအနေအရ လုံခြုံမှု မရှိတော့လို့ပါ။ တောင်ငူ၊ ရေတာရှည်၊ ဖြူး စတဲ့နေရာတွေဟာ စကစ လုံခြုံရေး မပေးနိုင်တော့တာ တွေ့လာရပါတယ်။ မကြာခဏ လမ်းပိုင်းမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်လာပြီး စကစ သွားလာရေးလမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြိုးစားလာကြပါတယ်။ ဒီနေရာတွေကို ညဘက်ဖြတ်သန်းသွားတာထက်စာရင် နေ့ဘက်ကို အလင်းရောင်ရှိတဲ့အချိန် သွားလာတာ လုံခြုံတယ်လို့ ယူဆတဲ့အတွက် ရထားအချိန်စာရင်းတွေကို ပြောင်းလဲပြေးဆွဲတာ ဖြစ်ပါတယ်။”

အခု ပြောင်းလဲပြေးဆွဲမယ့် ရန်ကုန်-မန္တလေးလမ်းပိုင်း ရထားခရီးစဉ်တွေမှာ လမ်းခရီးက ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည်ဘူတာတွေမှာသာ ရပ်တန့်ပေးမယ်လို့ ကြေညာထားကြောင်း ရထားစီးခရီးသည်တွေဆီက သိရပါတယ်။

ဒါ့အပြင် ညဘက်တွေမှာသာ ရထားဆိုက်မယ့်အတွက် သွားလာရေးနဲ့ လုံခြုံရေး အခက်အခဲရှိမှာကို စိုးရိမ်နေကြပါတယ်။

ရထားစီးခရီးသည်တဦးက “ရထားက တစီးတည်းထွက်မယ်ဆိုရင်လည်း ဘူတာတော်တော်များများတော့ ရပ်ပေးပေါ့။ အခုက လမ်းမှာ ငါးဘူတာလောက်ပဲ ရပ်ပေးတော့ ကြားဘူတာကသူတွေက ဘာတွေနဲ့ သွားကြရမလဲ။ နှစ်ဖက်စလုံး ထွက်ချိန် ဆိုက်ရောက်ချိန်က ရထားစီးမယ့်သူတွေအတွက် ဘယ်လိုမှ အဆင်ပြေမနေဘူး။ ထွက်ချိန် မနက် ၅ နာရီက ဝေးတဲ့သူတွေ လာရအဆင်မပြေ။ ဆိုက်ချိန် ည ၁၀ နာရီနောက်ပိုင်းက လိုင်းကားမရှိတော့ဘူး၊ ခရီးဝေးသွားမယ့်သူတွေ ဒုက္ခရောက်တာပဲ” လို့ ပြောပါတယ်။

ရထားခရီးစဉ်လျှော့ချတာ၊ အချိန်ပြောင်းလဲပြေးဆွဲတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းပေမဲ့ သူတို့အနေနဲ့ မသိရှိဘူးလို့သာ ပြန်ပြောဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့မီးရထားဝန်ထမ်းတွေဟာ အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ကြပြီး ရထားခရီးစဉ်အများစု ရပ်ဆိုင်းသွားခဲ့ကာ အခုချိန်ထိ ပုံမှန်ပြေးဆွဲနိုင်တာ မရှိသေးပါဘူး။

သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013