
ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကုလားချောင်းကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးတယောက်အပါအဝင် ဒေသခံရွာသား ၃ ယောက်သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ် ကုလားချောင်းကျေးရွာကို ဇူလိုင် ၁၀ ရက် မနက် ၁၀ နာရီလောက်မှာ စစ်အာဏာရှင်တပ် က ဂျက်တိုက်လေယာဉ် တစင်းနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဂွဒေသခံ အမျိုးသားတယောက်က “ရခိုင်မှာ ရေဘေးသင့်လို့ တပြည်လုံး ဒုက္ခရောက်နေချိန်မှာ စစ်တပ်က ဂွမြို့နယ်ကို ဒီနေ့မနက်က ဗုံးကြဲတိုက်ခိုက်မှုလုပ်သွားတယ်။ သေတာ ၃ ယောက်ရှိတယ်။ အမျိုးသားတယောက်၊ အမျိုးသမီး တယောက်နဲ့ ကလေးတယောက် နေရာမှာတင် ဆုံးသွားတယ်။ နောက်ထပ်လည်း ကျေးရွာသား ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်” လို့ပြောပါတယ်။
သေဆုံးသွားသူတွေကတော့ ဂွမြို့နယ်၊ ကုလားချောင်းကျေးရွာက ဦးညွန့်မောင် (၅၃နှစ်)၊ ဒေါ်မမလေး (၅၇နှစ်)နဲ့ မောင်ဖိုးသားလေး (၃ နှစ်)တို့ ဖြစ်ကြပါတယ်။
ဇူလိုင် ၈ ရက်ကလည်း စစ်အာဏာရှင်တပ်က ဂွကမ်းခြေနဲ့ ဘောမိကမ်းခြေတို့ကို စစ်သင်္ဘော ၄ စင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျိန္တလီမြို့ခံ ၆ ယောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ပြည်သူတွေ ရေဘေး၊ လေဘေးသင့်လို့ ဒုက္ခရောက်နေချိန်မှာ ဗုံးကြဲ သတ်ဖြတ်တာဟာ လူမဆန်တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်တာဖြစ်တယ်လို့ နောက်ထပ် ဂွဒေသခံ အမျိုးသားတယောက်က ထပ်ပြောပါတယ်။
“ရခိုင်ပြည်သူတွေ ရေဘေး၊ လေကြောင်းကြောင့် ဒုက္ခရောက်နေချိန်မှာ စစ်တပ်က ဘယ်လိုစိတ်နဲ့ များ ပြည်သူတွေကို ထပ်ပြီး သတ်ဖြတ်နိုင်သေးလဲဆိုတာ မတွေးတတ်တော့ဘူး။ အတော်လည်းကို လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်။”
ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ ဇူလိုင် ၅ ရက်က လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် နေအိမ် ၂၆၀ နီးပါးပျက်စီးခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ပလက်ဝမြို့နယ်တို့မှာ ရေကြီးမှုကြောင့် ဒေသခံ တသိန်းနီးပါး ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်နေကြသူတွေက ပြောပါတယ်။










