DVB Logo
Home
Lead Story
ဘုရားကျောင်းတွေကို ဗုံးကြဲပြီး ငြိမ်းချမ်းရေးစကားပြောတဲ့ စစ်ခေါင်းဆောင်
DVB
·
December 25, 2023
ဘုရားကျောင်းတွေကို ဗုံးကြဲပြီး ငြိမ်းချမ်းရေးစကားပြောတဲ့ စစ်ခေါင်းဆောင်
1 / 4
Donate to DVB

“ကျနော်တို့နိုင်ငံမှာ အများဆုံးကိုးကွယ်တာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာတွေနဲ့ အခြားဘာသာဝင်တွေလည်းရှိတယ်။ ဒီဘာသာဝင်တွေဟာ ရှေးနှစ်ပေါင်းများစွာကတည်းက အတူယှဥ်တွဲ နေထိုင်လာတာဖြစ်တယ်၊ တပ်မတော်အနေနဲ့ ဘယ်ဘာသာကိုမှ ထိခိုက်နစ်နာအောင် မလုပ်ခဲ့ဘူး၊ လေးလေးစားစားဆက်ဆံတယ်” လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင် ၁ ရပ်ကွက် စိန့်မိုင်ကယ် ကက်သလစ်ဘုရားကျောင်းမှာ ဒီဇင်ဘာလ ၂၄ ရက်က ကျင်းပတဲ့ ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားမှာ ပြောခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ စကားကြောင့် ခရစ်ယာန်ဘာသာဝင်တွေ ဘုရားကျောင်းတွေကို ထပ်မံဗုံးကြဲမှာကို စိုးရိမ်နေကြပါတယ်။

ပျဉ်းမနားမြို့၊ ရန်အောင် ၁ ရပ်ကွက် စိန့်မိုင်ကယ် ကက်သလစ်ဘုရားကျောင်းမှာ ပြုလုပ်တဲ့ ခရစ်စ္စမတ်နေ့ အခမ်းအနားကို စစ်ခေါင်းဆောင်နဲ့အတူ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဗိုလ်ချုပ်တွေနဲ့ နေပြည်တော် ခရစ်ယာန်အသင်းတော်များ ကောင်စီဥက္ကဋ္ဌ၊ ခရစ်ယာန်ဘာသာ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကက်သလစ်လူငယ်အဖွဲ့တွေနဲ့ ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ပါတယ်။

ကက်သလစ်ဘာသာဝင်တဦးက “ဒီနှစ် မင်းအောင်လှိုင်က ရန်ကုန်မသွားဘူး၊ ဘုရားကျောင်းတွေကို လေကြောင်းက ဗုံးကြဲထားတော့ ခရစ်ယာန်ဘာသာရေး အကြီးအကဲတွေကို မျက်နှာမပြရဲဘူးထင်တယ်။ နှစ်တိုင်း ခရစ္စမတ်ပွဲတော်လာပြီး မကြာဘူး၊ ဘုရားကျောင်းကို ဗုံးကြဲတာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်က ရန်ကုန်မှာပြုလုပ်တဲ့ ခရစ္စမတ်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘိုနဲ့အတူ ခရစ္စမတ်ကိတ်ကိုလည်း အတူတူခွဲခဲ့ပြီး ၂၁ ရက်ကြာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် ဒေါဥခုရပ်ကွက်က ရွှေနှလုံးတော် ကက်သလစ်ဘုရားရှိခိုးကျောင်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လွိုင်ကော်မြို့ခံတဦးက “အဲ့ဒီတုန်းက ခရစ်ယာန်ဘာသာဝင်တွေကို သတ်ဖြတ်၊ ဘုရားကျောင်းတွေကို လေကြောင်းက ပစ်ခတ်နေတဲ့အချိန် မင်းအောင်လှိုင်နဲ့ ကိတ်အတူခွဲလို့ ဆိုပြီး ICJM က ကန့်ကွက်သေးတယ်။ မကြာဘူး ဇန်နဝါရီ ၁၂ မှာ ဒေါဥခူရပ်ကွက်က ခရစ်ယာန်ဘုရားကျောင်းကို ဗုံးကြဲတယ်” လို့ ပြောပါတယ်။

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘိုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ခရစ္စမတ်ကိတ်ကို အတူခွဲခဲ့လို့ ပြည်သူတွေကြား ဝေဖန်သံတွေ ဆူညံသွားခဲ့ပြီး စစ်ခေါင်းဆောင်ကို လက်ခံတွေ့ဆုံခဲ့ခြင်းနဲ့ ပတ်သက်လို့လည်း Independent Catholics for Justice in Myanmar (ICJM) က ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။

ICJM အဖွဲ့အစည်းက ဘာလို့ရှုတ်ချခဲ့တာလဲဆိုတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၇ မှာ ထန်တလန်ကစလို့ စစ်ကောင်စီရဲ့ ၉ ကြိမ်တိုင် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ နေအိမ်ရာနဲ့ချီကာ မီးလောင်ပျက်စီးခဲ့လို့ပဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘိုနဲ့ ခရစ္စမတ်ကိတ် အတူတူခွဲခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ခရစ္စမတ်လက်ဆောင်အဖြစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် ဒေါဥခုရပ်ကွက်ရှိ ရွှေနှလုံးတော် ကက်သလစ်ဘုရားရှိခိုးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သုံးလလောက်အကြာ ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်က ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နေအိမ် ၁၅ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။

မေတ္တာစကားတွေ ငြိမ်းချမ်းရေးစကားကို ထပ်ခါတလဲလဲပြောနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၃၀ ရက်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းဝင်းနေ အရပ်သားပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ကချင်၊ ကရင်၊ ချင်းနဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေ ပျက်စီးခဲ့ရပြီး အရပ်သားပြည်သူအချို့ သေဆုံး ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ခရစ္စမတ်နေ့မရောက်မီ ဒီဇင်ဘာ ၁၄ ရက် ညနေငါးနာရီက စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းကာ ဘုရင်ဂျီဘုရားကျောင်းနဲ့ ခရစ်ယာန်သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေဦးမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်က လေကြောင်းက မပစ်ရရင် စစ်ကြောင်းထိုးတဲ့အချိန် ခရစ်ယာန်ဘုရားကျောင်းတွေ တွေ့ရင် မီးရှို့တယ်။ ချမ်းသာရွာက ဘုရားကျောင်းဆို နှစ်တရာကျော်ရှိပြီ၊ စစ်ကြောင်းက မီးရှို့သွားတာ ပြာကျသွားတယ်။”

ခရစ်ယာန်ဘုရားကျောင်းတွေကို မီးရှို့တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေပေမဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Holy Cathedral Church မှာ ပြုလုပ်တဲ့ ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို တက်ခဲ့ကြပါတယ်။

ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနဲ့ ဘာသာရေးခေါင်းဆောင်တွေကို မေတ္တာထားဖို့ ပြောခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ ၂၀၂၃ ခုနှစ်ရဲ့ ဇန်နဝါရီလ ၁၂ ရက်မှာ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့၊ လေးဝါးကျေးရွာကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် သင်းအုပ်ဆရာတဦးနဲ့ ကလေးငယ်တဦး အပါအဝင် အရပ်သားငါးဦး သေဆုံးကာ ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ မှ ဒီဇင်ဘာ ၂၅ ရက်အထိ စစ်တပ်လေကြောင်းပစ်ခတ်မှုကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းတွေ လေကြောင်းပစ်ခတ် တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီလိုပစ်ခတ်တိုက်ခိုက်ခံရမှုတွေအပြင် တဖက်မှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ နိုင်ငံရေးနဲ့ပတ်သက်မှု မရှိအောင် ဖမ်းဆီးထောင်ချတာတွေ၊ နေအိမ်တွေ ချိပ်ပိတ်တာတွေ လုပ်ပြီး စစ်တပ်က ခြိမ်းခြောက်ထားသေးတယ်လို့ မန္တလေးမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်က ပြည်ကြီးတံခွန်မှာ ဗုံးပေါက်တယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ ဘယ်သူမှ ထိခိုက်တာမရှိဘူး။ ဒါပေမဲ့ အဲ့နားက ခရစ်ယာန်လူငယ်စောင့်ရှောက်ရေးဂေဟာကို ပိတ်လိုက်တယ်။ အဲ့မှာရှိတဲ့ကလေးတွေ အကုန်ဒုက္ခရောက်သွားတယ်။”

ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်ကောင်စီလေ​ကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေပေမဲ့ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့တွေကတော့ ပြည်တွင်းမှာဖြစ်နေတဲ့ ရေဘေး၊ မီးဘေး၊ လေဘေးနဲ့ စစ်ဘေးရှောင်တွေ အရေးတွေနဲ့ ပတ်သက်လာရင် ကူညီပေးတယ်လို့ လာရှိုးမြို့ခံတဦးက ပြောပါတယ်။

“ရှမ်းမြောက်မှာ စစ်ဖြစ်နေတော့ စစ်ဘေးရှောင်တွေကို ခရစ်ယာန်ဘုရားကျောင်းမှာ ထားပြီး ကူညီပေးတာ၊ အဲ့အထဲမှာ ဘာသာပေါင်းစုံပါတယ်၊ တပ်ကမိသားစုတွေလည်း ပါတယ်။”

ဒီနှစ် နေပြည်တော်မှာပြုလုပ်တဲ့ ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးတွေကို ငြိမ်းချမ်းရေးမှာ ပါဝင်ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နှစ်စဥ် ခရစ္စမတ်ပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးစကားတွေ ပြောနေပေမဲ့ လက်တွေ့မှာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဘုရားကျောင်းတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

“ငြိမ်းချမ်းရေးတံခါးတော့ ဖွင့်ထားတယ်၊ ဘုရားကျောင်းတွေကို ဦးတည်ပြီး ဗုံးကြဲနေတယ်။ နောက်ရက်တွေ၊ နောက်လတွေ ဘယ်ဘုရားကျောင်းကို လေကြောင်းကနေ ပစ်ဦးမလဲ မသိဘူး၊ စိုးရိမ်တယ်။”

စစ်တပ်ရဲ့ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒီဇင်ဘာ ၂၃ ရက် ညနေက ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Holy Cathedral Church ကျောင်းမှာ ပြုလုပ်တဲ့ ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားမှာ “လူသားအချင်းချင်း မေတ္တာတရားထားဖို့” ပြောဆိုခဲ့ပါသေးတယ်။

မြင့်မြတ်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013