
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဌာနချုပ်ရဲ့ လက်အောက်ခံ ရေတပ်နဲ့ လေတပ်တွေဟာ မတ် ၂၉ ရက်က ဟွမ်းယန်ဒေါင်ကျွန်းနဲ့ ပတ်ဝန်းကျင်ဒေသတွေရဲ့ ပင်လယ်ပိုင်နက်နဲ့ လေပိုင်နက်ထဲမှာ အသင့်ပြင်အနေအထားနဲ့ ကင်းလှည့်ခဲ့ပါတယ်။
တရုတ်ပြည်မကြီးအစိုးရက ဟွမ်းယန်ဒေါင်ကျွန်းကို တရုတ်နိုင်ငံ နယ်မြေရဲ့ မူလအစိတ်အပိုင်းတခုလို့ အခိုင်အမာ ပြောထားပါတယ်။
မတ်လကစပြီး တောင်ပိုင်းစစ်ဌာနချုပ်ရဲ့ ရေတပ်နဲ့ လေတပ်တွေက ဟွမ်းယန်ဒေါင်နဲ့ ပတ်ဝန်းကျင်ဒေသတွေရဲ့ ပိုင်နက်ပင်လယ်နဲ့ လေပိုင်နက်ထဲမှာ အသင့်အနေအထား ကင်းလှည့်တာတွေ တိုးမြှင့်ခဲ့ပြီး ဥပဒေ၊ စည်းမျဉ်းတွေနဲ့အညီ ခြေရာခံခြင်း၊ စောင့်ကြည့်ခြင်း၊ သတိပေးခြင်းနဲ့ နှင်ထုတ်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ PLA တောင်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
ရေတပ်တွေကလည်း တိုက်ပွဲကိုဦးတည်တဲ့ လေ့ကျင့်မှုအတွက် အသစ်ခန့်အပ်ထားတဲ့ သင်္ဘောအုပ်စုတစုကို တောင်တရုတ်ပင်လယ်ဆီ လွှတ်ခဲ့ပါတယ်။
စစ်သင်္ဘောတွေက ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ရေးနဲ့ တန်ပြန်တိုက်ခိုက်ရေး လေ့ကျင့်ခဲ့ကြပါတယ်။
ဒီလေ့ကျင့်မှုအတွင်း သင်္ဘောသားအသစ်တွေ၊ ပစ္စည်းကိရိယာအသစ်တွေရဲ့ အင်္ဂါရပ်တွေကို အာရုံစိုက်ခဲ့တယ်လို့လည်း တရုတ်အစိုးရမီဒီယာ CCTV က ပြောခဲ့ပါတယ်။
Source: Reuters










