
အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကိုယ်ပိုင်လက်သုံးစကားကို ပြောပြီး မတ် ၂၂ ရက်မှာ ထရမ့်ပ်ကို ရဲရဲတင်းတင်း လှောင်ပြောင်လိုက်ပါတယ်။
အီရန် IRGC ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ဇိုလ်ဖာကာရီက အင်္ဂလိပ်လို ထုတ်ပြန်တဲ့ ဗီဒီယိုမက်ဆေ့ချ်ရဲ့ အဆုံးသတ်မှာ “ဟေး ထရမ့်ပ် … ခင်ဗျားကို ဖြုတ်လိုက်ပြီ၊ ဒီစကားကို ခင်ဗျား သိပြီးသားပါ။ ဒီကိစ္စကို နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကတော့ ခါတမ် တလ်-အန်ဘီယာ ဗဟိုဌာနချုပ်ပါ” လို့ ပြောပြီး ထရမ့်ပ်က ၂၀၀၄ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ထရမ့်ပ် တင်ဆက်ခဲ့တဲ့ ‘The Apprentice’ ဆိုတဲ့ နာမည်ကြီး Reality TV ရှိုးက သူ့ရဲ့ ကိုယ်ပိုင်ဟန် ပြောစကားကို ပြန်ပြီး တုပပြောဆိုပြကာ ပြောင်လှောင်လိုက်တာပါ။
အမည်မဖော်လိုတဲ့ အီရန်အရာရှိတွေနဲ့ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစနစ်ကို ဗုံးကြဲမဲ့အစီအစဉ်ကို သမ္မတထရမ့်ပ်က ရွှေ့ဆိုင်းလိုက်ပြီးနောက် အီရန်ဘက်က အမေရိကန်နဲ့ ဘာဆွေးနွေးမှုမှ မလုပ်ခဲ့ဘူးလို့ မတ် ၂၃ ရက်မှာ ငြင်းဆိုခဲ့ပါတယ်။
ဥရောပအရာရှိတယောက်ရဲ့ အဆိုအရတော့ ၂ နိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှု မရှိသေးပေမဲ့ အီဂျစ်၊ ပါကစ္စတန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကတဆင့် ကြားခံပြီး သတင်းစကားတွေ အပြန်အလှန် ပါးနေကြတယ်လို့ ပြောပါတယ်။
ပါကစ္စတန် အရာရှိတယောက်နဲ့ နောက်ထပ် တခြား သတင်းရင်းမြစ်တခုကလည်း စစ်ပွဲ အဆုံးသတ်ရေး တိုက်ရိုက်ဆွေးနွေးပွဲတွေကို ဒီအပတ်အတွင်း အစ္စလာမ္မာဘတ်မြို့မှာ ပြုလုပ်နိုင်တယ်လို့ ရိုက်တာကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ ဒီစစ်ပွဲအတွင်းမှာ လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ပြီးပြီ ဖြစ်ပါတယ်။
Source: Reuters











