DVB Logo
Home
မြန်မာသတင်း
ပင်လောင်းရောက် ကရင်နီစစ်ရှောင်များ စားနပ်ရိက္ခာ၊ အနွေးထည်၊ စောင်နှင့် ဆေးဝါးများ လိုအပ်
DVB
·
December 25, 2023
ပင်လောင်းရောက် ကရင်နီစစ်ရှောင်များ စားနပ်ရိက္ခာ၊ အနွေးထည်၊ စောင်နှင့် ဆေးဝါးများ လိုအပ်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရောက် ကရင်နီစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အနွေးထည်၊ စောင်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့  စစ်ဘေးရှောင်တွေထံက သိရပါတယ်။

တချို့ စစ်ဘေးရှောင်စခန်းတွေမှာ ပြောင်းဆန်၊ ဖရုံသီး၊ မျှစ် စတာတွေကိုသာ ချက်စားနေရတယ်လို့ အသက် ၄၀ အရွယ် စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“ကျမတို့က ကျည်ဆန်ကြား၊ လက်နက်ကြီးကြား အသက်လုပြေးခဲ့ရတယ်ဆိုတော့ အရေးကြီးဆုံးဖြစ်တဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ သားသမီးမွေးစာရင်းလောက်ပဲ ယူလာခဲ့ရတာ။ ဘာမှပါမလာခဲ့ဘူး။ ပင်လောင်းမှာလည်း အရမ်းအေးတော့ အင်္ကျီလည်းပါး၊ စောင်လည်း အရမ်းပါးတော့ ညဘက်တောင် အိပ်လို့မရဘူး။ အရေးကြီးဆုံးကတော့ ဆန်ပါ။ သူများလှူထားတာကလည်း တပြည်နှစ်ပြည်ပဲရတယ်။ ချွေတာချက်ပြုတ်ရတာပေါ့နော်။ ကိုယ်က ဘယ်အချိန်ထိနေရမလဲ၊ ပြေးရမယ်မသိဘူးဆိုတော့ ထမင်းချက်ရင် ဆန်နည်းနည်းထည့်ပြီး ဖရုံသီး၊ ပြောင်းဆန်၊ မျှစ်တို့နဲ့ရောပြီး ပြုတ်စားနေပါတယ်။”

ဒါ့အပြင် အခုအချိန်ဟာ ရာသီကူးပြောင်းချိန်ဖြစ်လို့ ကရင်နီစစ်ဘေးရှောင်တွေဟာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာသူတွေလည်း များတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တဦးက “ဆေးဝယ်ဖို့လည်း အရမ်းခက်ခဲတယ်။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး။ ဖျားနာတာကို ရိုးရာကုသနည်းနဲ့ ကုကြတာများတယ်။ ကလေးတွေ သက်ကြီးရွယ်အို ဖျားတာများတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ပိတ်ဆို့တားဆီး ကန့်သတ်မှုတွေကြောင့် ပင်လောင်းမြို့ တောင်ဘက်မှာ အလှူရှင်တွေ လာရောက်ကူညီလှူဒါန်းဖို့ အခက်အခဲတွေ များစွာရှိတယ်လို့လည်း စစ်ရှောင်ကူညီသူက ပြောပါတယ်။

“ဂိတ်မှာ ဆန်၊ အဝတ်အထည်၊ ဆေးဝါး လုံးဝပေးမသယ်ဘူး။ သယ်တာ သူတို့မိရင် သူတို့ဖမ်းတယ်။ ဂိတ်မှာလည်း အရမ်းစစ်တယ်။ ပင်လောင်းတောင်ဘက်က စစ်ရှောင်တွေ ကူညီဖို့ အခက်အခဲ အများကြီးရှိတယ်။”

ပင်လောင်းမြို့နယ် တောင်ပိုင်းမှာ ကရင်နီစစ်ရှောင်စခန်း ၃၀ နီးပါးရှိပြီး ကလေးငယ်၊ သက်ကြီးရွယ်အို အများစု အပါအဝင် လူဦးရေ ၂၀,၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ပင်လောင်းဘက်မှာ စစ်ကောင်စီက MPT၊ Atom နဲ့ အော်ရီဒူး ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်ထားလို့ ဒေသခံတွေ အခက်အခဲ ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013