
မန်ယူနည်းပြ တန်ဟတ်ဂ်ရဲ့ နေရာမှာ ဂယ်ရီနဗီးလ်နဲ့ အစားထိုးဖို့ အင်္ဂလန်ကစားသမားဟောင်း ဂျေမီကာရေဂါက တိုက်တွန်းသွားပါတယ်။
မန်ယူအသင်းဟာ မနေ့ညက ဝက်စ်ဟမ်းကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၁၈ ပွဲမှာ ၈ ပွဲအထိ ရှုံးနိမ့်ခဲ့ရပြီး အဆင့် ၈ အထိ ကျဆင်းသွားခဲ့တာပါ။
၁၉၃၀ ပြည့်နှစ်နောက်ပိုင်း ခရစ္စမတ်ကာလမတိုင်ခင်မှာ ပွဲအများဆုံးရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးရာသီ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
တွစ်တာမှာ စီရော်နယ်ဒို အမည်နဲ့ ပရိသတ်တစ်ဦးက နည်းပြတန်ဟတ်ဂ်ရဲ့ လက်ရှိရာသီ ရလဒ်ပိုင်းနဲ့ ဗီလင်စီယာအသင်းမှာ နည်းပြလုပ်စဉ်က ဂယ်ရီနဗီးလ်ရဲ့ ရလဒ်ပိုင်းကို နှိုင်းယှဉ်ဖော်ပြခဲ့ပါတယ်။
အဲဒီအချက်အလက်အရ တန်ဟတ်ဂ်က ၂၆ ပွဲမှာ ၁၃ ပွဲရှုံးပြီး သွင်းဂိုး ၃၃ ဂိုး၊ ရဂိုး ၄၁ ဂိုးပေးခဲ့ရပါတယ်။
ဂယ်ရီနဗီးလ်ကတော့ ၂၈ ပွဲမှာ ၁၁ ပွဲရှုံး၊ သွင်းဂိုး ၃၉ ဂိုး၊ ပေးဂိုး ၃၈ ဂိုး ရှိခဲ့တာပါ။ အဲဒီအချက်အလက်ကို ကာရေဂါက တွစ်တာကနေ ပြန်လည်ဝေမျှခဲ့ပြီး ရာသီကုန်အထိ ဂယ်ရီနဗီးလ်ကို အစားထိုးခန့်အပ်သင့်ကြောင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters/Molly Darlington










