DVB Logo
Home
နိုင်ငံတကာ
ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် အစ္စရေး တိုက်တွန်း 
DVB
·
December 23, 2023
ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် အစ္စရေး တိုက်တွန်း 
Donate to DVB

ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက နိုင်ငံတကာအသိုက်အဝန်းကို ဒီဇင်ဘာ ၂၂ ရက်က တောင်းဆိုလိုက်ပါတယ်။

“နိုင်ငံတကာ အသိုက်အဝန်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ တောင်းဆိုတယ်”လို့ ရုရှား စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒယ်နီယယ် ဟာဂါရီက ရုပ်မြင်သံကြား ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဂါဇာကမ်းမြောင်မှာ အရေးပေါ် လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ချက်ချင်းတိုးမြှင့်ပေးဖို့ပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၂ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ  အတည်ပြုချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို အတည်ပြုနိုင်ဖို့အတွက် မဲခွဲဆုံးဖြတ်မှုမလုပ်ခင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအကြား အဆိုပြုချက်မူကြမ်းကို ရက်သတ္တပတ်ကြာ စေ့စပ်ညှိနှိုင်းမှုတွေကို အချေအတင် လုပ်ခဲ့ရပြီး မဲခွဲဆုံးဖြတ်တဲ့နေ့မှာတော့ အမေရိကန်က ဗီတိုအာဏာမသုံးဘဲ မဲမပေးဘဲနေခဲ့လို့ ဒီဆုံးဖြတ်ချက်ကို အတည်ပြုချမှတ်နိုင်ခဲ့တာပါ။

အဲဒီဆုံးဖြတ်ချက်မှာ ဘေးကင်းလုံခြုံပြီး အတားအဆီးမရှိ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးမှုတွေတိုးချဲ့ ဝင်ရောက်ခွင့်ကို ချက်ချင်းခွင့်ပြုဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲရေးအတွက် အခြေအနေတွေကို ဖန်တီးပေးဖို့ အရေးတကြီး လုပ်ငန်းအဆင့်တွေကို အလောတကြီး တောင်းဆိုထားပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ ဂါဇာရှိ လူ ၂ ဒသမ ၃ သန်းဆီ အကူအညီတွေပေးပို့မှုအားလုံးအပေါ် အစ္စရေးက ထိန်းချုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အစ္စရေးဟာ အီဂျစ်နိုင်ငံကနေ ရာဖှာနယ်စပ်ဂိတ်နဲ့ အစ္စရေး ထိန်းချုပ်ထားတဲ့ ကယ်ရမ်ရှာလွမ် နယ်စပ်ဂိတ်ကိုဖြတ်ပြီး ဂါဇာကမ်းမြောင်ကို အကန့်အသတ်ရှိတဲ့ အကူအညီတွေ ပေးပို့မှုကို စောင့်ကြည့်နေတာပါ။

ဂါဇာရှိ လူ ၈၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့နေအိမ်တွေကနေ နှင်ထုတ်ခံခဲ့ရပြီး ကုလသမဂ္ဂ တာဝန်ရှိသူတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတခု ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။

ဂါဇာကမ်းမြောင်လူဦးရေရဲ့ ထက်ဝက်လောက်ဟာ ငတ်ပြတ်နေပြီး အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာကမ်းမြောင်ဒေသကို လိုအပ်တဲ့ အစားအစာရဲ့ ၁၀ ရာခိုင်နှုန်းသာ ဝင်ရောက်ခဲ့တယ် လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဆိုထားပါတယ်။ 

လက်ရှိ အခြေအနေ ဂါဇာအလယ်ပိုင်းမှာတော့  လူနာတွေ ပြည့်ကျပ်နေတဲ့ အယ်လ်အက်ဆာ အာဇာနည်ဆေးရုံမှာ ဝန်ထုပ်ဝန်ပိုး တချို့ကို လွှဲယူဖို့ ဒေးရယ်ဘာလာ မြို့က အယ်လ်ဆေးယေဒါ ခါဒီဂျာ ကျောင်းကို အရေးပေါ်ဆေးရုံအဖြစ် ပြောင်းလိုက်တယ်လို့ ဂါဇာက ဆရာဝန်တစ်ဦးက ပြောပါတယ်။

စာသင်ခန်းတစ်ခုကနေ အရေးပေါ်ခန်းအဖြစ် ပြောင်းထားတဲ့ အခန်းထဲက ခွဲစိတ်ဆရာဝန် ဘတ်ရှီးယား အယ်လ်ဟူရာနီက ဒဏ်ရာရကလေးငယ်တစ်ဦးကို စစ်ဆေးရင်း တခြားလူနာတစ်ဦးရဲ့ ဒဏ်ရာတွေကို ကုသပေးနေရင်း သူတို့ဟာ ဆိုးရွားတဲ့ အခြေအနေမှာ ဘယ်လို အလုပ်လုပ်နေရတယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။

အယ်လ်အက်ဆာ အာဇာနည် ဆေးရုံဟာ လူနာ ၅၀,၀၀၀ ကျော်ရှိတဲ့ ဂါဇာအလယ်ပိုင်းမှာ လည်ပတ်နေတဲ့ တစ်ခုတည်းသော လက်ကျန် သင့်လျော်တဲ့ ဆေးရုံပဲလို့လည်း ဟူရာနီက ပြောပါတယ်။

လောင်စာဆီ၊ ဝန်ထမ်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပြတ်တောက်နေလို့ ဂါဇာမြောက်ပိုင်းမှာ လည်ပတ်နိုင်တဲ့ ဆေးရုံမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။

ဂါဇာ ကမ်းမြောင်ဒေသတစ်ခုလုံးက ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၃၆ ခုထဲမှာ  ၉ ခုသာ တစ်စိတ်တစ်ပိုင်း အလုပ်လုပ်နိုင်တယ်လို့ WHO က ပြောပါတယ်။ ဒီအဆောက်အအုံတွေ အားလုံးကလည်း ဂါဇာကမ်းမြောင် တောင်ဘက်မှာ တစုတစည်းတည်း ရှိနေပါတယ်။

အောက်တိုဘာ ၇ ရက်ကစတင်ခဲ့တဲ့  ဂါဇာစစ်ပွဲအတွင်း  အစ္စရေးရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဘက်က သေဆုံးသူ ၂၀၀၀၀ ကျော်ရှိပြီလို့ ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောထားပြီး ဟားမတ်စ်တွေရဲ့ လက်ချက်နဲ့ အစ္စရေးဘက်က ၁၂၀၀ သေဆုံးပြီး ၂၄၀ ဓားစားခံအဖြစ် ဖမ်းဆီးခံထားရပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013