DVB Logo
Home
နိုင်ငံတကာ
ပရီဂေါ့ရှင် သေဆုံးမှုနှင့်ပတ်သက်၍ ရေးသားခဲ့သည့် ဝေါလ်စထရိဂျာနယ်ကို ရုရှား တုံ့ပြန် 
DVB
·
December 23, 2023
ပရီဂေါ့ရှင် သေဆုံးမှုနှင့်ပတ်သက်၍ ရေးသားခဲ့သည့် ဝေါလ်စထရိဂျာနယ်ကို ရုရှား တုံ့ပြန် 
Donate to DVB

ရုရှားကြေးစား စစ်တပ်ခေါင်းဆောင် ယက်ဗ်ဂျေညီ ပရီဂေါ့ရှင် သေဆုံးမှုနဲ့ပတ်သက်ပြီး ရေးသားခဲ့တဲ့ ဝေါလ်စထရိဂျာနယ် WSJ ကို အပေါစား သည်းထိတ်ရင်ဖို စာပေတွေ ထုတ်ဝေနေတာလို့ ရုရှား သမ္မတနန်းတော် ကရင်မလင်က ဒီဇင်ဘာ ၂၂ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

ပရီဂေါ့ရှင် လေယာဉ်ပျက်ကျ သေဆုံးမှုဟာ  ရုရှားလုံခြုံရေးအရာရှိ နီကိုလိုင် ပါထရူးရှက်ဗ်က အကွက်ချ စီစဉ်ခဲ့တာဖြစ်ကြောင်းနဲ့ ပရီဂေါ့ရှင်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တောင်ပံအောက်မှာ တပ်ထားတဲ့ ဗုံးသေးသေး တလုံးကြောင့် လေယာဉ်ပျက်ကျခဲ့တာလို့ WSJ  ဂျာနယ်က အမည်မဖော်တဲ့ အနောက်အုပ်စု ထောက်လှမ်းရေးအရာရှိတွေနဲ့ ရုရှားထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးတို့ကို ကိုးကား ရေးသား ဖော်ပြတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကရင်မလင်နန်းတော် ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က “မကြာသေးမီက အလွန်ကံမကောင်းစွာနဲ့ပဲ ဝေါလ်စထရိဂျာနယ်ဟာ အပေါစား သည်းထိတ်ရင်ဖို စာပေတွေကို ထုတ်လုပ်ရတာ နှစ်သက်လာနေတယ်၊ ဒီဇာတ်လမ်းကို မြင်ဖူးပေမဲ့ မှတ်ချက်ပေးမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

ယူကရိန်းမှာ ရုရှားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဝဂ္ဂနာကြေးစားအဖွဲ့ရဲ့ အကြီးအကဲ ပရီဂေါ့ရှင်ဟာ ဇွန်လနှောင်းပိုင်းမှာ ရုရှားစစ်တပ်ကို ပြန်လည် အာခံခဲ့တာဖြစ်ပြီး ပရီဂေါ့ရှင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ လေးပုံတစ်ပုံနီးပါး အာဏာကို ချုပ်ကိုင်ထားမှုအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရပါတယ်။

နောက် နှစ်လတိတိအကြာမှ ပရီဂေါ့ရှင်ဟာ လေယာဉ်ပျက်ကျပြီး သေဆုံးသွားတာပါ။ ရုရှားသမ္မတ ပူတင်ရဲ့ အမိန့်ကြောင့် သူ့ကို သတ်ပစ်တာဆိုတဲ့ အကြံပြုချက်ကို လုံးလုံး လိမ်ညာမှု အဖြစ် ကရင်မလင်နန်းတော်က အရင်က ပယ်ချခဲ့ပါတယ်။

ပျက်ကျတာဟာ လေယာဉ်ထဲမှာ လက်ပစ်ဗုံးတွေ ပေါက်ကွဲခဲ့တာကြောင့်လို့ ပူတင်က အောက်တိုဘာလမှာ အကြံပြု ပြောဆိုခဲ့ပါတယ်။

လေယာဉ်ပျက်ကျလို့ တခြားထိပ်တန်း ဝဂ္ဂနာ ခေါင်းဆောင်နှစ်ဦး၊ ပရီဂေါ့ရှင်ရဲ့  ကိုယ်ရံတော် လေးဦးနဲ့ အမှုထမ်း သုံးဦး အပါအဝင် တခြားလူ ကိုးဦးလည်း သေဆုံးခဲ့ပါတယ်။

ဝေါလ်စထရိ ဂျာနယ်က ရည်ညွှန်းတဲ့ ပါထရူးရှက်ဗ်ကတော့  အခု အသက် ၇၂ နှစ်ရှိပြီဖြစ်ပြီး ရုရှားလုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေတဲ့ FSB လုံခြုံရေးအဖွဲ့ရဲ့ အကြီးအကဲဟောင်း ဖြစ်ပါတယ်။

ပူတင်ရဲ့ အနီးကပ်အကြံပေးတွေကြားမှာ သြဇာအရှိဆုံး သဘောထားတင်းမာသူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

သူတို့နှစ်ဦးဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက လီနင်ဂရက်မြို့က ဆိုဗီယက်ခေတ် ထောက်လှမ်းရေးဌာန KGB မှာ လက်တွဲလုပ်ကိုင်ကတည်းက အချင်းချင်း သိကျွမ်းခဲ့ကြသူတွေလို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013