DVB Logo
Home
နိုင်ငံတကာ
ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီးခွင့်ပြုသည့် တက္ကဆက်ဥပ‌ဒေသစ်ကို မက္ကဆီကိုသမ္မတ ဝေဖန်
DVB
·
December 20, 2023
ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီးခွင့်ပြုသည့် တက္ကဆက်ဥပ‌ဒေသစ်ကို မက္ကဆီကိုသမ္မတ ဝေဖန်
Donate to DVB

မက္ကဆီကိုနိုင်ငံဟာ တက္ကဆက်ဥပဒေသစ်ကို စိန်ခေါ်ဖို့ ပြင်ဆင်နေတယ်လို့ မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

အဲဒီဥပဒေသစ်အရ ပြည်နယ်ရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေကို သံသယရှိစရာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးခွင့်ပြုထားတာကြောင့် လူမဆန်တဲ့ဥပဒေလို့လည်း သူက ခေါ်ဆိုထားပါတယ်။

မက္ကဆီကိုသမ္မတ လိုပက်ဇ် အိုဘရာဒေါက“နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဥပဒေကို စိန်ခေါ်ဖို့ လုပ်ဆောင်နေတဲ့အပြင် ကျနော်တို့ကလည်း ဒီအစီအမံတွေကို အမြဲဆန့်ကျင်နေပြီး မက္ကဆီကို နိုင်ငံသူ နိုင်ငံသားတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အကာအကွယ်ပေးသွားမှာပါ”လို့ ပြောသွားတာပါ။

အဲဒီဥပဒေဟာ လူမဆန်မှုနဲ့ နိုင်ငံရေးနဲ့ဆက်နွှယ်မှု ရှိနေပြီး တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟာ အမေရိကန်ပြည်ထောင်စုရှိ ရီပတ်ဘလီကန်ပါတီအတွက် ဒုတိယသမ္မတလောင်း ဖြစ်ချင်လို့ ဒီလိုလုပ်နေတာလို့ မက္ကဆီကိုသမ္မတက ဝေဖန်လိုက်ပြီး ဒီအစီအမံတွေကနေ နာမည်ကျော်ကြားမှုကို လိုချင်နေတာလို့လည်း ပြောလိုက်ပါတယ်။

တက္ကဆက်မှာက မက္ကဆီကန်လူမျိုးတွေ အများအပြားရှိနေတာကြောင့် သူ ဘာကိုမှ ရနိုင်မှာ မဟုတ်ဘဲ သူ့အပေါ် စာနာစိတ်ထားပေးဖို့ကိုတောင် ဆုံးရှုံးသွားလိမ့်မယ်လို့လည်း ဆိုပါတယ်။

တနင်္လာနေ့တုန်းက တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရဲ့ဂ် အက်ဘာ့ထ်ဟာ အမေရိကန်အစိုးရဆီ ကာလရှည်ကြာ လွှဲအပ်ထားခဲ့တဲ့ အာဏာကို ဒေသဆိုင်ရာ အရာရှိတွေကို ပေးအပ်လိုက်တဲ့ ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

SB 4 လို့ သိကြတဲ့ ဥပဒေဟာ မတ်လမှာ စတင်သက်ဝင်မှာဖြစ်ပြီး တက္ကဆက်ကို တရားမဝင် ဝင်ရောက်ခြင်းနဲ့ ပြန်လည်ဝင်ရောက်မှုအတွက် ပြည်နယ်ရာဇဝတ်မှုအသစ်ကို ဖန်တီးမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်အနေနဲ့ ရက်ပေါင်း ၁၈၀ ကနေ ထောင်ဒဏ်အနှစ် ၂၀ အထိ ချမှတ်နိုင်ပါတယ်။

တက္ကဆက်ပြည်နယ် တရားသူကြီးတွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို မက္ကဆီကိုကိုပြန်ဖို့ အမိန့်ပေးမှာဖြစ်ပြီး လိုက်နာဖို့ ငြင်းဆိုသူတွေကို ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်ပါတယ်။

အက်ဘာ့ထ်ဟာ နယ်စပ်တံတိုင်း တည်ဆောက်ရေးနဲ့ တခြားလုပ်ငန်းတွေအတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ မြှုပ်နှံမယ့် ဥပဒေကြမ်းကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုဝင်ဘာလ နှောင်းပိုင်းတုန်းကလည်း လူမှောင်ခိုကူးမှုအတွက် ပြစ်ဒဏ်တိုးမြှင့်မယ့် ဥပဒေတရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

အက်ဘာ့ထ်ဟာ Operation Lone Star နာမည်နဲ့ မကြာသေးခင်နှစ်တွေအတွင်း နယ်စပ်တလျှောက် အမျိုးသားအစောင့်တပ်နဲ့ သံဆူးကြိုးလိပ်တွေကို ချထားပြီး ရီယို ဂရန်ဒီ မြစ်ပေါ်မှာလည်း ရေပေါ်အတားအဆီးတွေကို ချပြီးတော့ တရားမဝင် လူဝင်ရောက်မှုတွေကို နှိမ်နင်း ဖြိုခွင်းခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013