
ရုရှားနိုင်ငံဟာ ကာကွယ်ရေးကဏ္ဍ စစ်လက်နက်ထုတ်လုပ်မှုကို တိုးမြှင့်ပြီးတော့ စစ်သည်အင်အား ၁ သန်းခွဲအထိ တိုးမြှင့်သွားမှာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွှိုင်ဂူက ဒီဇင်ဘာ ၁၉ ရက်မှာ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ရုရှားဟာ ယူကရိန်းမှာ သူ့ရဲ့ “အထူးစစ်ရေးစစ်ဆင်ရေး” လို့ခေါ်တဲ့ ကျူးကျော်စစ်ကို စတင်လိုက်ကတည်းက တင့်ကားထုတ်လုပ်မှုကို ၅ ဒသမ ၆ ဆ တိုးမြှင့်ခဲ့တဲ့အပြင် ဒရုန်းထုတ်လုပ်မှုက ၁၆ ဒသမ ၈ ဆ၊ ခြေလျင် တိုက်ခိုက်ရေးယာဉ်တွေက ၃ ဒသမ ၆ ဆနဲ့ သံချပ်ကာယာဉ်တွေက ၃ ဒသမ ၅ ဆ ထုတ်လုပ်မှုတွေကိုလည်း အသီးသီး တိုးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
အလွန်ကို အရေးကြီးတဲ့ အမြောက်လက်နက်တွေကိုတော့ ၁၇ ဒသမ ၅ ဆ တိုးမြှင့်ထုတ်လုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ရွှိုင်ဂူက ပြောပါတယ်။
ဒါ့အပြင် ကီလိုမီတာ ၂,၀၀၀ ကျော်ရှိတဲ့ ယူကရိန်းရှိ ရှေ့တန်းတလျှောက်မှာလည်း ၇,၀၀၀ ကီလိုမီတာကျယ်တဲ့ မိုင်းကွင်းဧရိယာ ချထားတယ်လို့လည်း ရွှိုင်ဂူက ပြောပါတယ်။
ပြင်ပခြိမ်းခြောက်မှုတွေနဲ့ အချိုးကျကျ တွက်လိုက်ရင် အနာဂတ်မှာ တပ်ဖွဲ့ဝင်ဦးရေ ၁ ဒသမ ၅ သန်းအထိ တိုးလာမယ်လို့လည်း ဆိုပါတယ်။
အဲဒီအစည်းအဝေးမှာပဲ သမ္မတပူတင်က ရုရှားရဲ့ ကာကွယ်ရေးလုပ်ငန်းဟာ ယူကရိန်းပဋိပက္ခကို အနောက်နိုင်ငံတွေထက် ပိုပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့တယ်လို့ ပြောပါတယ်။
Source/Photo-Reuters










