DVB Logo
Home
မြန်မာသတင်း
ထိုင်းအလှကုန် ၉ မျိုး မသုံးရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေး
DVB
·
August 22, 2014
ထိုင်းအလှကုန် ၉ မျိုး မသုံးရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေး
Donate to DVB

ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း ၉ မျိုးဟာ အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတုဆေးတွေ ပါဝင်တာနဲ့ မှတ်ပုံတင်ထားတာလည်း မရှိတာကြောင့် သုံးစွဲဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေး ထုတ်ပြန်လိုက်ပါတယ်။

Creamပြီးခဲ့တဲ့ မေလကထဲက သုံးစွဲဖို့ မသင့်ဘူးလို့ ပထမအကြိမ် သတိပေး ထုတ်ပြန်ထားခဲ့ပေမယ့် ဈေးကွက်ထဲ ရောင်းချနေတာ တွေ့နေရလို့ ဒုတိယအကြိမ် ထပ်မံသတိပေးချက် ထုတ်ပြန်ရတာလို့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အလှကုန်ဌာနခွဲရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သဇင်ရီလှိုင်က ပြောပါတယ်။

“အဓိကတော့ တားမြစ်ဆေးတွေ ပါတာက ပိုပြီး အဓိကကျတယ်။ ကျမတို့ဆီမှာ မှတ်တမ်း လာတင်ရမယ်လေ။ အာဆီယံရဲ့ သဘောတရားအရ အာဆီယံဈေးကွက်ထဲမှာ ရောင်းချတဲ့ ပစ္စည်းတွေကို ဘယ်ကုမ္ပဏီက တာဝန်ယူပြီး တာဝန်ခံ ရောင်းချနေသလဲဆိုတာကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ရမယ်။ သူတို့ မှတ်တမ်းတင်ထားခြင်းအားဖြင့် ဈေးကွက်စစ်ဆေးရာမှာ တခုခုတွေ့ရင် ကျမ သူတို့ဆီကို တိုက်ရိုက် အကြောင်းကြားနိုင်မယ်လေ။ တိုက်ရိုက်အကြောင်းကြားတော့ ပစ္စည်းတွေကို သူတို့ဘာသာ သူတို့ သိမ်းလို့ ရတယ်လေ။ အခုက အကြောင်းမကြားတဲ့ အခါမှာ ကျမတို့က ဘယ်ကို ဆက်သွယ်ရမှန်းမသိဘူး။ ပစ္စည်းတွေကလည်း အရေးပြားကင်ဆာဖြစ်စေတဲ့၊ ကျန်းမာရေးကို ထိခိုက်စေတဲ့ ပစ္စည်းတွေ ပါဝင်နေတဲ့အတွက် ပြည်သူလူထုဆက်ပြီး မသုံးစွဲအောင် ပညာပေးမှ ဖြစ်မှာလေ။”

သုံးစွဲဖို့ မသင့်တဲ့ ထိုင်းအလှကုန်ပစ္စည်း ၉ မျိုးဟာ နာမည်ကြီးအမှတ်တံဆိပ်တွေ မဟုတ်ပေမယ့် သုံးသူ ရှိနေလို့ ဈေးကွက်မှာ ရောင်းသူရှိနေတာ ဖြစ်ပါတယ်။

ရောင်းတဲ့သူတွေအနေနဲ့လည်း အန္တရာယ်ရှိတဲ့ အလှကုန်ပစ္စည်းတွေကို ကိုယ်ကျိုးစီးပွား တခုတည်း ကြည့်ပြီး ရောင်းချဖို့ မသင့်ဘူးလို့လည်း ဒေါက်တာသဇင်ရီလှိုင်က ပြောပါတယ်။

ကျန်းမာရေးဌာနက သုံးစွဲဖို့ မသင့်ဘူးလို့ သတိပေးကြေညာခဲ့တဲ့ ထိုင်းအလှကုန်ပစ္စည်းတွကတော့ Mellano-Cream No.1 Ornets၊ Mellano-Night Cream No.2၊ Mellano-Facial Nourishing Cream No.3၊Polla Platinum-Crystal White Nourishing Face Cream၊Polla Gold - Super White Perfects Cream၊Polla - Anti-Melasma Cream(New Night Cream)၊Nineteen Nano 19- Whitening Nano Night Repair Cream၊Baschi-Day Cream (Whitening Cream)နဲ့ Baschi - Night Cream (Whitening Cream) တို့ဖြစ်ပြီး မာကျုရီလို ဓာတုဆေးတွေ ပါဝင်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို သတိပေးကြေညာပြီးတဲ့နောက် အဲဒီအလှကုန်ပစ္စည်းတွေ ဈေးကွက်ထဲ ရောင်းချနေတာ ဆက်တွေ့ရင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အက်ဥပဒေပုဒ်မ ၃(ဃ)အရ သိမ်းဆည်းဖျက်ဆီးပစ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013