
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အထွက်မှာ ပစ်ကပ်ကားပေါ်ပါ သစ်သီးခြင်းတောင်းထဲ ပုန်းခိုလိုက်ပါလာတဲ့ တရားမဝင် မြန်မာနိုင်ငံသား အလုပ်သမား ၇ ဦးကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့တယ်လို့ Thailand Post မှာ ဖော်ပြပါတယ်။
တပ်ရင်း ၃၅ အထူးစစ်ဆင်ရေး ခွန်းဆန်ဟန် ဦးဆောင်တဲ့ လုံခြုံရေးအဖွဲ့ဟာ မဲဆောက်မြို့ အထွက် အမှတ်-၃ စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၁၇ မနက် ၅ နာရီခန့်က ထိုင်းအမျိုးသမီး မောင်းနှင်လာတဲ့ မသင်္ကာဖွယ်ရာ ပစ်ကပ်ကားကို တားဆီးစစ်ဆေးရာမှာ ကားနောက်ခန်း သစ်သီးခြင်းထဲမှာ ပုန်းခိုလိုက်ပါလာတဲ့ တရားဝင်အထောက်အထား စာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးဟာ မော်လမြိုင်ကနေ မြဝတီမြို့ သောင်းရင်းမြစ်ကိုဖြတ်ပြီး မဲဆောက်မြို့ကို ဝင်ရောက်လာခဲ့ပါတယ်။ မဲဆောက်က တဆင့် ထိုင်းအမျိုးသမီး မောင်းနှင်တဲ့ သစ်သီးသယ်တဲ့ကားနဲ့ ဘန်ကောက်ကို သွားရောက် အလုပ်လုပ်ကိုင်မှာဖြစ်ပြီး တဦးလျှင် ဘတ် ၁၇၀၀၀ အထိ ပေးဆောင်ခဲ့ရတယ်လို့ ဖမ်းဆီးခံရတဲ့ မြန်မာတွေက ဝန်ခံထွက်ဆိုခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ထိုင်းယာဉ်မောင်းအမျိုးသမီးနဲ့ မြန်မာနိုင်ငံသား ၇ ဦးကို မယ်လမတ်ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာခဲ့ပြီး ၂ လအတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော် ၃၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
Source : Thailand Post English










