
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ဒီဇင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်က မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၈ ရက် ညက ထားဝယ်မြို့၊ ဇရစ်ရပ်၊ စည်ပင်သာယာစျေးကြီးအနီးရှိ နေအိမ်နဲ့ ဂိုဒေါင် တွဲထားတဲ့ နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာ၊ စပါးတောင်ပတ်လမ်းမှာလည်း ဒီဇင်ဘာ ၁၉ ရက် မနက်က နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
အဲဒီမီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ နေအိမ်တွေဟာ အုတ်ခံ၊ သစ်သား ပျဥ်ကာ သွပ်မိုးအိမ်တွေ ဖြစ်ကြပြီး လျှပ်စစ်ဝါယာကြောင့် စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
ထားဝယ်မြို့ခံတဦးက “မီးဘေးက မြို့ထဲမှာ ကြုံဖူးတာလည်းရှိတယ်။ ၂၀၁၆ ခုနှစ်က မြို့ပေါ်ရပ်ကွက်တခုမှာ လောင်တာ အိမ်တွေအကုန်ပါသွားဖူးတယ်။ ညက ဥဩသံကြားလို့ ထွက်ကြည့်တော့ မီးစွယ်တက်နေတာ မြင်လိုက်ရသေးတယ်။ မနက်ကျတော့လည်း ကျောက်ရပ်မှာ မီးသတင်း ထပ်ကြားတယ်။ ဘာပဲဖြစ်ဖြစ် ခြောက်သွေ့လာပြီဆိုတော့ မီးက သတိပြုရမယ့်အထဲပါတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၉ ရက် မနက်မှာပဲ ထားဝယ်မြို့၊ အိုးလုပ်ပြင်ရပ်ကွက်ရှိ နေအိမ်တလုံးမှာလည်း မီးလန့်မှုဖြစ်ခဲ့ပြီး ရပ်ကွက်နေထိုင်သူတွေက မီးငြှိမ်းသတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့လက ထားဝယ်ခရိုင်မှာ မတော်တဆမှုကြောင့် မီးလောင်ကျွမ်းရတဲ့နေအိမ် ၆ လုံးထက်မနည်းရှိပြီး စစ်ကြောင်းထိုးခံရစဥ် မီးရှို့ခံရတဲ့နေအိမ် ၃၀ နီးပါး ရှိပါတယ်။.
ဓာတ်ပုံ-ခရိုင်မီးသတ်၊ဇမ္ဗူသီရီ










