Home
မြန်မာသတင်း
ထိုင်းတွင် MOU မြန်မာအလုပ်သမား ၁၉ ဦး အခွင့်အရေး ချိုးဖောက်ခံရ
DVB
·
December 19, 2023

ထိုင်းနိုင်ငံ၊ စမွတ်စွန်ခရိုင်၊ မဲခေါင်မြို့ကို နှစ်နိုင်ငံသဘောတူစာချုပ် (MOU) နဲ့ ရောက်ရှိနေတဲ့ အလုပ်သမား ၁၉ ဦးဟာ ရတ်ခ်ျဘူလီမြို့ရှိ အုန်းသီးခြံမှာ အလုပ်လုပ်ဖို့ လာခဲ့ပေမဲ့ မဲခေါင်မြို့ရှိ အုန်းသီးခြံအတွင်း စာချုပ်မှာမပါတဲ့အလုပ်တွေ စေခိုင်းခံရပြီး ပတ်စ်ပို့စာအုပ်ပါ သိမ်းဆည်းခံ ထားရတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။

ထိုင်းနိုင်ငံ၊ ရတ်ခ်ျဘူရီမြို့ရှိ အုန်းသီးခြံမှာ အလုပ်လုပ်ကိုင်ဖို့အတွက် မြန်မာအမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၅ ဦးဟာ မြန်မာနိုင်ငံမှ Gold Silver Diamond Co., Ltd. နဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ထွက်ခွာ‌ခဲ့ပါတယ်။

မြန်မာအလုပ်သမား ၁၉ ဦးဟာ ဒီဇင်ဘာ ၂ ရက်နေ့မှာ မဲခေါင်မြို့ကိုရောက်ရှိပြီး စာချုပ်ပါလုပ်ငန်းခွင်ကို မပို့ဆောင်တဲ့အပြင် မဲခေါင်မြို့ရှိ အုန်းသီးခြံမှာပဲ စာချုပ်မပါတဲ့ အုန်းပင်တက်တာ၊ အုန်းရည်ခံတာနဲ့ အုန်းထန်းလျက် လုပ်ကိုင်ခိုင်းပြီး ပတ်စ်ပို့စ်စာအုပ်ပါ သိမ်းဆည်းထားတဲ့အတွက် WAG အဖွဲ့ဆီ အကူအညီ တောင်းခံခဲ့ပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “အဓိကက အေဂျင်စီက အလုပ်သမားတွေနဲ့ပတ်သက်ပြီး လုံးဝတာဝန်မယူဘူး။ ခုထိ‌ အေဂျင်စီက တာဝန်ယူဖို့ အင်တင်တင်လုပ်နေတုန်းပဲ။ အလုပ်သမားတွေကို အုန်းပင်တက်ခိုင်းတယ်။ မိန်းကလေးတွေက ဘယ်လိုမှ မတက်နိုင်ဘူးလေ။ သူတို့ပတ်စ်ပို့စ်တွေလည်း လာတည်းက သိမ်းထားတာ ခုထိပြန်မပေးသေးဘူး။ စာချုပ်ပါစည်းကမ်းအတိုင်းဆိုရင် အကုန် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံထားရတယ်” လို့ ပြောပါတယ်။

မြန်မာအလုပ်သမား ၁၉ ဦးကို စာချုပ်ပါလုပ်ငန်းခွင်ကိုသာ ပို့ဆောင်ပေးဖို့နဲ့ စာချုပ်ပါ အချက်အလက်အတိုင်း လုပ်ဆောင်‌ပေးဖို့အတွက် အေဂျင်စီ၊ သူဌေးတို့နဲ့ WAG က ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လယောင်မြို့မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာလည်း ဒီဇင်ဘာအစက မြန်မာအလုပ်သမား ၂၉ ဦး အလုပ်ပုံမှန်မဆင်းရတာ၊ စာရွက်စာတမ်းနဲ့ ဘဏ်ကတ် အသိမ်းခံရတာ စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024