DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်ခံရသဖြင့် မတူပီဒေသခံ ၄ ဦးသေဆုံး၊ ဒီးမော့ဆိုစစ်ရှောင်စခန်းအချို့ ဆန်ပြတ်လပ်
DVB
·
December 19, 2023
လေကြောင်းတိုက်ခိုက်ခံရသဖြင့် မတူပီဒေသခံ ၄ ဦးသေဆုံး၊ ဒီးမော့ဆိုစစ်ရှောင်စခန်းအချို့ ဆန်ပြတ်လပ်
Donate to DVB

ချင်းပြည်နယ် မတူပီမြို့နယ်၊ ဗန်ကိုင်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ရတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက်  နေ့လယ် ၂ နာရီက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံ ၄ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ် တချို့လည်း ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနက် ၇ နာရီအချိန်က စတင်ပြီး မတူပီမြို့အခြေစိုက် ခမရ-၃၀၄ တပ်ရင်းရဲ့ လက်အောက်ခံတပ်စခန်းဖြစ်တဲ့ ထပ်ဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးပူးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

ထပ်ဘွေးတပ်စခန်းဟာ မတူပီမြို့နယ်နဲ့ ပလက်ဝမြို့နယ်အစပ်မှာ တည်ရှိတဲ့ တပ်စခန်းတခု ဖြစ်ပါတယ်။ 

တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ၃ မိုင်လောက်ဝေးတဲ့  ဗန်ကိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေါ်လာခုပ် (၅၃ နှစ်)၊ ဦးစံဆိုင်း (၅၅ နှစ်)၊ ဦးလျန်လော် (၇၈ နှစ်)၊ ဦးလောင်ဆောင်း (၅၈ နှစ်) တို့ သေဆုံးခဲ့ပြီး အမျိုးသားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “နေ့ခင်း ၂ နာရီခွဲလောက်မှာ ဗုံးကြဲတာ၊ ဒဏ်ရာရတဲ့ သူတွေထဲက ဒဏ်ရာပြင်းတဲ့သူတွေ ထပ်ပြီး ဆုံးသွားတာပေါ့။ ဒဏ်ရာရတဲ့သူက ထပ်ဘွေးက IDP ပေါ့၊ ဗန်ကိုင်မှာ စစ်ရှောင်နေတာ ၁ နှစ်ကျော်ရှိပြီ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်ကလည်း မတူပီမြို့နယ်၊ ဝေးလူကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး ၈ ဦးအပါအဝင် အရပ်သား ၁၁ ဦး သေဆုံးခဲ့ရပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်း လေးငါးခု လောက်မှာ ဆန်ပြတ်လပ်နေတာကြောင့် တရက်ကို ထမင်း တနပ်သာ စားနေရတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေက ပြောပါတယ်။

စစ်ရှောင်ကာလ ၂ နှစ်ကျော်အထိ ရှိလာပြီး ရိက္ခာတွေ တဖြည်းဖြည်း ပြတ်လပ်လာတာကြောင့် တရက်ကို ထမင်းတနပ်ပဲ စားတဲ့ စစ်ရှောင်စခန်းတွေ များလာတယ်လို့ ဆိုပါတယ်။

ထွန်းမြန်မာဒိုနေရှင်းအဖွဲ့မှ ကိုဖိုးဇော်က "သူတို့ အဆင်မပြေလို့ တရက်ကို တနပ်ပဲစားနေကြတာ။ အကျင့်တောင်ဖြစ်သွားပြီလားမသိဘူး။ တချို့စစ်ရှောင်တွေဆိုရင် ပြောင်းဖူးကို ပြုတ်ပြီး ဆန်ကွဲနဲ့ရောချက်စားရတဲ့ အနေအထားပေါ့။ စခန်းတခုမှာဆိုရင် ဆယ်အိမ်လောက်က တရက်ကို ထမင်းတနပ်ပဲ စားတာသေချာတယ်" လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် အဓိကအလိုအပ်ဆုံးက စားနပ်ရိက္ခာဖြစ်ပြီး အသုံးပြုဖို့ရေကိုလည်း ဝယ်ယူသုံးစွဲနေရတဲ့အပြင် ရာသီဥတုအေးတာကြောင့် အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တဦးက  "ပထမနံပါတ်တစ်ကတော့ စားဝတ်နေရေးပေါ့။ ခုနောက်ပိုင်းကတော့ လာလှူတဲ့သူတွေ တဖြည်းဖြည်းနည်းလာတော့ အခက်အခဲဖြစ်တာပေါ့" လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းကျော်အထိ ရှိနေပြီး ရိက္ခာပြတ်လပ်မှုက ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေတယ်လို့ စစ်ရှောင်တွေအရေး ကူညီပေးသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013