Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွား၊ ပြည်သူ ၂၁ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
December 18, 2023
yan 18122023

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မနက်  တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရမ်းဗြဲမြို့ အမှတ် ၅ ရပ်ကွက်အနီးမှာ တိုက်ပွဲဖြစ်ပြီး အချိန် ၂ နာရီဝန်းကျင် ကြာမြင့်ခဲ့တယ်လို့ ရမ်းဗြဲဒေသခံတဦးက ပြောပါတယ်။

“သိမ်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လာတိုက်တာတော့ ထင်ရတယ်။ ရမ်းဗြဲ အမှတ် ၅ ရပ်ကွက်မှာပဲ။ သိမ်တောင်က မြို့မစျေးနဲ့လည်း နီးနီးလေးပဲ။ တိုက်ပွဲကတော့ ၈ နာရီကနေဖြစ်တာ ၁၀ နာရီကျော်လောက်မှာ ရပ်တယ်။ လက်နက်ကြီးကတော့ ဆက်ပစ်နေတုန်းပဲ။”

လက်ရှိ ရမ်းဗြဲမြို့မှာ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိဆဲဖြစ်ပြီး စစ်ကောင်စီရေတပ် စခန်းတွေကပါ လက်နက်ကြီးပစ်ကူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဒီကနေ့မှာပဲ လက်နက်ကြီးထပ်ပစ်တာ။ အခုက သိမ်တောင်အပြင် တခြား ရေတပ်စခန်းတွေကပါ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေကြတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်က ပြန်လည်စတင်တဲ့ ရခိုင်တိုက်ပွဲမှာ ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ရခိုင်တောင်ပိုင်းမှာပါ တိုက်ပွဲတွေ စဖြစ်လာတာပါ။

ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ဒီဇင်ဘာ ၁၇ ရက် မနက်က ပြည်သူ ၂၁ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရမ်းဗြဲအခြေစိုက် ခလရ ၃၈ တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ  မနေ့မနက် ၁၁ နာရီလောက်မှာ ရမ်းဗြဲမြို့ကနေ ဆေးခန်းပြပြီး ပြန်လာတဲ့ ပြည်သူ ၂ ယောက်ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ရမ်းဗြဲဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ ရမ်းဗြဲမြို့နယ် သရက်ချောင်းကျေးရွာက အသက် ၃၇ နှစ်အရွယ် ပညာရေးဝန်ထမ်း ဦးဇော်ဇော်နဲ့ အသက် ၁၉ နှစ်အရွယ် ကိုဆန်းထက်ကျော် (ခ) မောင်မောင်တို့ဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ ရမ်းဗြဲမြို့မှာ ဆေးခန်းသွားပြပြီး ဆိုင်ကယ်နဲ့ ပြန်လာတဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို ခလရ ၃၈ က စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားတဲ့ သိမ်တောင်ဘုရားဘက်ကို ခေါ်သွားကြတယ်လို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ် ဂုံးချွန်းကျေးရွာက ပြည်သူ ၆ ယောက်နဲ့ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းက ပြည်သူ ၁၃ ယောက်ကိုလည်း ကျောက်ဖြူမြို့ကို ဟင်းသီးဟင်းရွက်ရောင်းဖို့ လာတဲ့အချိန် လေယာဥ်ကွင်းနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၂၀ လောက်က ဒီဇင်ဘာ ၁၇ ရက် မနက် ၇ နာရီလောက်မှာ ဖမ်းဆီးသွားတယ်လို့ ကျောက်ဖြူမြို့ ဒေသခံတယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၉ ယောက်ကိုတော့ ကျောက်ဖြူမြို့နယ် အခြေစိုက် ခလရ ၃၄ တပ်ရင်းကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၁၀၀ ကျော်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုနဲ့ ဖမ်းဆီးခဲ့တဲ့အပြင် စစ်တွေမြို့ကို စျေးလာဝယ်တဲ့ ပြည်သူ ၅၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024