DVB Logo
Home
မြန်မာသတင်း
မလေးရှားရှိ စစ်ကောင်စီသံရုံးက ဝင်ငွေခွန်ကို  ၆ လစာ ပေါင်းကောက်
DVB
·
December 17, 2023
မလေးရှားရှိ စစ်ကောင်စီသံရုံးက ဝင်ငွေခွန်ကို  ၆ လစာ ပေါင်းကောက်
Donate to DVB

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားတွေကို ဝင်ငွေခွန် ၂ ရာခိုင်နူန်း စတင်ပေးဆောင်ဖို့ စစ်ကောင်စီသံရုံးက ဒီနေ့အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

မလေးရှားရောက် မြန်မာနိူင်ငံသားတွေကို ဝင်ငွေခွန်စည်းကြပ်ကာလဖြစ်တဲ့ ၂၀၂၃ ခု အောက်တိုဘာကနေ ၂၀၂၄ မတ်လအထိ ဝင်ငွေခွန်ကို ၂  ရာခိုင်နှုန်း စတင်ကောက်ခံသွားမယ်လို့ စစ်ကောင်စီသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ်ကိစ္စအပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေကို ဝင်ငွေခွန်ကောက်ပြီးမှ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

မလေးရှားရောက် မြန်မာလုပ်သားတဦးက "သူတို့က နိုင်ငံကူးလက်မှတ် လုပ်ပေးနေတာဆိုတော့ အဲဒါကို ကိုင်တာပေါ့။ ဘယ်သူမှတော့ စစ်ကောင်စီကို အခွန်မဆောင်ချင်ဘူး။ အခုလည်း အခြေအနေ စောင့်ကြည့်နေတယ်" လို့ ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ သွားရောက်အလုပ်လုပ်နေတဲ့ မလေးရှားအပါအဝင် ကိုရီးယား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံရှိ စစ်ကောင်စီသံရုံးတွေကလည်း ဝင်ငွေခွန်ပေးဆောင်ဖို့ အသိပေးထားပြီး စတင်ကောက်ယူနေပါတယ်။

မလေးရှားနိုင်ငံရှိ စစ်ကောင်စီသံရုံးက လစာဝင်ငွေခွန်ပေးဆောင်ထားသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ အိမ်၊ ခြံ၊ မြေ၊ မော်တော်ယာဥ် စတာတွေဝယ်ယူရာမှာ ဝင်ငွေရလမ်း စိစစ်မှုခံယူချိန် အခွန်ဆောင်ထားတဲ့ အထောက်အထားတင်ပြနိုင်ရင် ငွေဖြူအနေနဲ့ ခံစားခွင့်ရမယ်ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။

အခုလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ဝင်ငွေခွန်ကောက်ယူနေတာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

စင်ကာပူရောက် မြန်မာနိုင်ငံသားတဦးက “ပတ်စ်ပို့သက်တမ်း ကျန်နေသေးတဲ့သူတွေအနေနဲ့ အတတ်နိုင်ဆုံး တင်းခံထားကြစေချင်တယ်" လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဆောင်ခိုင်း သလို ပြည်ပရောက် မြန်မာလုပ်သားတွေကိုလည်း လစဥ်လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ တရားဝင်လွှဲပို့ဖို့ ညွန်ကြားထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားနေတာကြောင့် သန်းနဲ့ချီတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီက နိုင်ငံခြားငွေရရှိရေး ပစ်မှတ်ထားကြိုးစားလာတာလို့ ရွှေ့ပြောင်းအလုပ်သမားအရေး စောင့်ကြည့်သူတွေက ဝေဖန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013