DVB Logo
Home
မြန်မာသတင်း
ဘွိုင်လာအိုးပေါက်ကွဲမှုတွင် ဆေးရုံရောက် မြန်မာအလုပ်သမား သေဆုံး
DVB
·
August 21, 2014
ဘွိုင်လာအိုးပေါက်ကွဲမှုတွင် ဆေးရုံရောက် မြန်မာအလုပ်သမား သေဆုံး
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်ခရိုင်က ဆေးဆိုးစက်ရုံမှာ  ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က ဘွိုင်လာအိုးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဆေးရုံတက်ရောက် ကုသနေရတဲ့ မြန်မာအလုပ်သမားတွေထဲက အမျိုးသမီးတဦး သေဆုံးသွားခဲ့ပါတယ်။

Samut-1ဘွိုင်လာအိုးပေါက်ကွဲမှုမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရတဲ့ လူနာ ၁၀ ဦးထဲက မယဉ်ယဉ်ထွေးဟာ သြဂုတ် ၁၉ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်မှာ ဆုံးပါးသွားခဲ့တယ်လို့  ဆေးရုံမှာ သွားကြည့်ခဲ့သူ  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားရေးရာသံမှူး ဦးသိန်းနိုင်က ပြောပါတယ်။

မယဉ်ယဉ်ထွေးရဲ့ ခင်ပွန်းဖြစ်သူ ဦးမြင့်နိုင်ဦးကလည်း  လောလောဆယ် စမွတ်ပရကန်ခရိုင် ချူလာလောင်ကွန်ဆေးရုံက အရေးပေါ်ခန်း (အိုင်စီယူ)မှာ ကုသမှုခံယူနေရတယ်လို့ သူကဆက်ပြောပါတယ်။

ဘွိုင်လာအိုးပေါက်ကွဲတုန်းက သူတို့တွေဟာ အိမ်မှာပဲ ရှိနေပြီး တကိုယ်လုံး အပူလောင်တဲ့ ဒဏ်ရာတွေရော၊ အဆောက်အအုံ ပြိုကျတဲ့ ဒဏ်ရာတွေနဲ့ပါ အရေးပေါ် ကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

လက်ရှိ ဆေးရုံမှာ စိုးရိမ်ရတဲ့သူ ၂ ဦး ကျန်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေအတွက်  မြန်မာအလုပ်သမားဝန်ကြီးဌာနက ဂရုဏာကြေးအနေနဲ့ အခြေအနေဆိုးသူ ၃ ဦးကို ဘတ် ၅ ထောင်စီ၊ ဆေးရုံတက်ရသူတွေကို ၃ ထောင်စီ နဲ့ အနည်းငယ်ထိခိုက်ဒဏ်ရာရသူတွေကို ဘတ် ၂ ထောင်စီ ထောက်ပံ့ကူညီခဲ့တယ်လို့ သံမှူးဦးသိန်းနိုင်က ပြောပါတယ်။

သေဆုံးသူ မယဉ်ယဉ်ထွေးဟာ အသက် ၃၅ နှစ်ရွယ် ရှိပြီး ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသမိန်ကျေးရွာက ဖြစ်ကာ သူရဲ့ ကျန်ရစ်တဲ့ရုပ်အလောင်းကို သြဂုတ် ၂၁ ရက် ညနေ ၆ နာရီက စမွတ်ပရကန်မြို့နယ်  ၀ပ်ထောင်ခုံ ဘုန်းကြီးကျောင်းမှာ သင်္ဂြိုဟ်လိုက်တယ်လို့ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

မယဉ်ယဉ်ထွေးမှာ  သားသမီး ၃ ဦး ကျန်ရစ်ပြီး မြန်မာပြည်မှာ ဘိုးဘွားတွေနဲ့ အတူနေထိုင်တယ်လို့ သိရပါတယ်။

သူအတွက် အထည်ဆေးဆိုးကုမ္ပဏီက နစ်နာကြေး ဘတ် ၁ သိန်း၊ အလုပ်သမား ကာကွယ်ရေးဌာနက ဘတ် ၄ သောင်းနဲ့ သူအသင်းဝင်ထားတဲ့ အာမခံကုမ္ပဏီကလည်း ခံစားခွင့်တွေ ထုတ်ပေးဖို့ တွက်ချက်နေဆဲလို့ ဦးအောင်ကျော်က ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် နေရာထိုင်ခင်းနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ ဆုံးရှုံးသွားတာတွေလည်း ကုမ္ပဏီက အားလုံး ပြန်လျော်ပေးမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အခုလို အရေးတယူ ဆောင်ရွက်ပေးခြင်းခံရတာတွေဟာ မြန်မာသံရုံး တာဝန်ရှိသူတွေရော၊ မြန်မာနိုင်ငံသားအဖွဲ့အစည်းနဲ့ မြန်မာအလုပ်သမား အရေးဆောင်ရွက်နေတဲ့အဖွဲ့တွေအားလုံး တက်ညီလက်ညီ ၀ိုင်းဝန်းပြောဆိုပေးကြတဲ့အတွက် ဖြစ်ကြောင်းနဲ့ သူ့အတွေ့အကြုံအရ အရင်ခေတ်တွေမှာတော့ သံရုံးက ရောက်မလာတဲ့အတွက် အလုပ်သမားတွေ လစ်လျူရှုခံခဲ့ရတာများတယ်လို့  ဦးအောင်ကျော်က သုံးသပ်ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013