DVB Logo
Home
Lead Story
အာဖဂန်လွှတ်တော်အမတ်တွေကို အခွင့်ထူးခံဖြစ်စေမယ့်ဥပဒေ အတည်ပြု
DVB
·
August 21, 2014
အာဖဂန်လွှတ်တော်အမတ်တွေကို အခွင့်ထူးခံဖြစ်စေမယ့်ဥပဒေ အတည်ပြု
Donate to DVB

အာဖဂန်နစ္စတန်လွှတ်တော်ဟာ အခွင့်ထူးခံတွေ လွှတ်တော်အမတ်ဖြစ်လာစေမယ့် ဥပဒေတရပ်ကို အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေအရ လွှတ်တော်အမတ်တွေနဲ့ သူတို့မိသားစုတွေဟာ နေအိမ်၊ နိုင်ငံရေး ခံစားခွင့်အဖြစ် ကျန်းမာရေး အာမခံ နဲ့ တာဝန်နဲ့ခရီးသွားနေစဉ်မှာ အခမဲ့အပျော်ခရီးသွားလာခွင့်တွေကို ရရှိမှာဖြစ်ပါတယ်။

[caption id="attachment_62971" align="alignright" width="300"]ဥပဒေအတည်မပြုရေး ဆန္ဒပြနေကြစဉ် ဥပဒေအတည်မပြုရေး ဆန္ဒပြနေကြစဉ်[/caption]

ဒီဥပဒေကို အခြေအ တင်ဆွေးနွေးပြီး တဲ့နောက်မှ ပါလီမန် ပူးတွဲကော်မရှင်က အတည်ပြုခဲ့တာဖြစ်ပြီး အမတ်တဦးစီအတွက် လုံခြုံရေးဝန်ထမ်း ၂ ဦးစီ ခန့်ထားပေးဖို့နဲ့ အငြိမ်းစားလစာ ၂၅ ရာခိုင်နှုန်းပေး ဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ၂ ရပ်ကို ပယ်ဖျက်ခဲ့ပါတယ်။

လွှတ်တော်အမတ် မူဆာခန်းနာဇရတ်ကတော့ ဒီဥပဒေဟာ တရားမျှတတယ်လို့ ဆိုပါတယ်။

“လွှတ်တော်ထဲမှာ အမျိုးသမီးတွေအတွက် ရာထားတဲ့ အမတ်နေရာတွေ ရှိပါတယ်။ လူထုက ဒါကို အမျိုးသမီးတွေအပေါ် ဘက်လိုက်တယ်လို့ ရှုမြင်နေကြတာပါ။ ဥပဒေက ညီတူညီမျှပါ။ လွှတ်တော်အမတ်တွေ ဖြောင့်မတ်မှုရှိအောင် ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။”

ဒါပေမယ့် လူထုကတော့ ဒီလိုအမြင်မျိုး မရှိပါဘူး။ လွှတ်တော်အပြင်ဘက်မှာတော့ လူရာပေါင်းများစွာဟာ ဒေါသတကြီးနဲ့ ဆန္ဒဖော်ထုတ်နေကြပါတယ်။

“ပြည်သူတွေ ဆာလောင်နေပြီ။ လွှတ်တော်အမတ်တွေကတော့ ကိုယ်ကျိုးရှာဖို့ တွေးနေကြတယ်” လို့ ဆန္ဒ ပြသူတွေက အော်ဟစ်နေကြပါတယ်။

ဆန္ဒဖော်ထုတ်သူတွေထဲမှာပါဝင်တဲ့ အရပ်ဘက်အဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူ ခမဲလ်ဆာဒတ်က “ဒီဥပဒေက သူတို့ကိုယ်ကျိုးအတွက် ပြဋ္ဌာန်းတာပါ။ ဒါဟာ လူထုနဲ့ သူတို့ဘယ်လောက်ကင်းကွာနေလဲဆိုတာ ပြတာပဲ။ ဒီပတ်စ်ပို့တွေနဲ့ နိုင်ငံရေးမှတ်ပုံတင် ကတ်တွေကို သူတို့ဘာကြောင့် လိုချင်နေရတာလဲ။ ရာဇ၀တ်မှုတွေ ကျူးလွန်ပြီး ဒီနိုင်ငံကနေ ထွက်ပြေးနိုင်အောင်လို့ပဲ ဖြစ်လိမ့်မယ်” လို့ ပြောပါတယ်။

တက္ကသိုလ်ကျောင်းသား မိုဟာမတ်ဆာမင်ကတော့ နိုင်ငံရေးသမားတွေအဖို့ သူတို့အလုပ်အကျွေးပြုရမယ့် လူထုကြားမှာပဲ နေထိုင်သင့်တယ်လို့ ဆိုပါတယ်။

“အကူအညီ အရမ်းကို လိုအပ်နေတဲ့ လူဆင်းရဲတွေအများကြီးပဲ။ အစိုးရအနေနဲ့ သူတို့ကို အာရုံစိုက်သင့်တယ်။ ဆရာတယောက်က တလကို ဒေါ်လာ ၁၀၀ လောက်နဲ့ ရပ်တည်နိုင်ရင် လွှတ်တော်အမတ်က ဘာကြောင့် မရပ်တည်နိုင်ရမှာလဲ။ နိုင်ငံရေးသမားအများစုက ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ အစကတည်းက ချမ်းသာပြီးသားပဲ။”

အာဖဂန်အမျိုးသမီးပညာရေးစင်တာမှ မူခါဒါ့စ်အထဲဝါလာက ဒီဥပဒေ အတည်မပြုဖို့ လုံးဝဆန့်ကျင်သွားမယ်လို့ ပြောပါတယ်။

“ဒီဥပေဒေကို ကျနော်တို့ လက်မခံပါဘူး။ အရိုးကျေ အရေခန်းတဲ့ထိ ဆန့်ကျင်သွားမှာပါ။ လူထုပိုက်ဆံနဲ့ အခုလို အခွင့်ထူးခံစားနေတာကို ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။”

ဒီဥပဒေကို ကန့်ကွက်မဲထည့်ခဲ့တဲ့ အမတ် ၈ ဦးထဲက တဦးဖြစ်တဲ့ လွှတ်တော်အမတ် ရာမာဇန်ဘာရှာဒုက ဒီဥပဒေ အကောင်အထည်ဖော်လို့မရအောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

“အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူထုဖိအားတွေ ပိုမြင့်လာမယ်လို့ မျှော်လင့်ပါတယ်။ တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ ရုံးတွေမှာ ဆန္ဒပြနေကြတာကို တွေ့ရပါတယ်။ လွှတ်တော်ကို ဒီဥပဒေ မကျင့်သုံးအောင် ဟန့်တားမှ ဖြစ်မယ်။”

သမ္မတက ဒီဥပဒေကို အတည်ပြုမပေးရင် လွှတ်တော်က မဲဆန္ဒ ၃ ပုံ ၂ ပုံနဲ့ အတည်ပြုမှာဖြစ်ပါတယ်။

Asia Calling အစီအစဉ်အတွက် သတင်းထောက် ဂါရောဝါဇိရိက အာဖတန်နစ္စတန်နိုင်ငံ ကဘူးမြို့ကနေ ပေးပို့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013