Home
မြန်မာသတင်း
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကျောက်မီးသွေးဝယ်လက်မရှိသဖြင့် ရောင်းချသူတွေ အခက်တွေ့နေ
DVB
·
December 15, 2023
kyauk 15122023

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စက်သုံးဆီ ဓာတ်ဆီ၊ ဒီဇယ်တွေကို ဝယ်ယူရခက်ခဲပြီး မြို့နယ်တချို့မှာ ဒီဇယ်တွေ ပြတ်လပ်တဲ့အတွက် ကျောက်မီးသွေးတွေကို လာဝယ်တဲ့ ကားတွေ လျော့နည်းသွားပြီး ကျောက်မီးသွေးရောင်းသူတွေ အခက်ကြုံနေရကြ ပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စမ်မြို့နယ်ထဲမှာရှိတဲ့ ကျောက်မီးသွေး တူးဖော်တဲ့ ကုမ္ပဏီမှာ မြန်မာပြည်အနှံ့က ကုမ္ပဏီတွေ လာဝယ်လာတာတွေ လျော့နည်းသွားတာဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

နမ့်စမ်မြို့နယ်ထဲက ကျောက်မီးသွေးမိုင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက“ဒီဘက်မှာ ဒီဇယ်တွေ ဝယ်ရခက်တယ်လေ၊ သူတို့ကနေ တက်လာရင်တော့ အဆင်ပြေတယ်။ ဒီကနေ ပြန်ဆင်းရင် ဆီက လုံးဝပြတ်နေတော့ ကျောက်မီးသွေးတင်ကားတွေ မရောက်တော့ဘူး။ ပြီးတော့ သယ်ယူစရိတ်ကလည်း များတယ်လေ။ အန္တရာယ်လည်း များနေတော့ ရောင်းရတာက အရင်နှစ်တွေထက်စာရင် လျော့သွားတယ်။ ကရင်က သံတောင်တို့၊ တနိုင်ငံလုံးက ဘိလပ်မြေစက်ရုံတွေက လာဝယ်ကြတာပေါ့” လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က နမ့်စန်မြို့မှာ တစ်ရက်ကို ကျောက်မီးသွေး တန် ၈၀၀ နီပါး ရောင်းခဲ့ရပေမယ့် အခုလိုကာလတွေမှာ တစ်ရက်ကို ကား ၁၀ စီးလောက်ပဲ လာတဲ့အတွက် တန် ၁၀၀-၃၀၀ ထိပဲ အရောင်းထွက်တယ်လို့ သိရပါတယ်။

နမ့်စမ်ဒေသခံက “ဈေးနှုန်းကတော့ ကျောက်မီးသွေးရဲ့ အပူအားကိုကြည့်ပြီး ရောင်းတာ၊ ဒီဘက် ကျောက်မီးသွေးက ၄၀၀ အားရှိတယ်။ အဲဒါကို ၁ တန် ၅၀၀၀၀-၆၀၀၀၀ ကြား ရောင်းရတယ်၊ ၄၀၀ အားအောက် ဆိုရင်တော့ ဈေးတစ်မျိုးပေါ့၊ တကယ်လို့ ကျောက်မီးသွေး အတုံးလိုက် ဝယ်ရင်တော့ ၁ တန် ၆ သောင်းရှိတယ်ဗျ” လို့ ပြောပါတယ်။

ကျောက်မီးသွေးတင်ကားတွေ ဝင်ရောက်မှုနည်းတာက စက်သုံးဆီ ပြတ်လပ်မှုကြောင့်လည်း ပါသလို ဝယ်ယူခွင့် မျှောစာတွေကို အစိုးရဌာနတွေကနေ အဆင့်ဆင့်တင်ရတာကြောင့် ဝယ်ယူရ ခက်ခဲလာတာကြောင့်လည်း ပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်မီးသွေးတူးဖော်တဲ့ ကုမ္ပဏီတွေမှာလည်း စက်သုံးဆီတွေ ဝယ်ယူရ ခက်ခဲတဲ့အတွက် လုပ်ငန်းနှောင့်နှေးမှုရှိနေပြီး လုပ်သား‌လျှော့ချတာတွေအထိ လုပ်ငန်းလည်ပတ်ရတာ အခက်အခဲရှိလာတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024