DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ်၌ Non-CDM ဝန်ထမ်း ၅ ဦး အလင်းဝင်၊ ဂန့်ဂေါရဲတပ်သား ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ
DVB
·
December 15, 2023
မြောင်မြို့နယ်၌ Non-CDM ဝန်ထမ်း ၅ ဦး အလင်းဝင်၊ ဂန့်ဂေါရဲတပ်သား ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ Non-CDM ဝန်ထမ်း အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၂ ဦး၊ ပညာရေးဌာနမှ  ဝန်ထမ်း ၃ ဦး၊ စုစုပေါင်း ဝန်ထမ်း ၅ ဦး  ဒီဇင်ဘာ ၁၄ ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက " အကျဉ်းဦးစီးမှာ တာဝန်ထမ်းဆောင်တဲ့ ရဲဘော်နှစ်ယောက် အပါအဝင် ပညာရေးက ကျောင်းဆရာ၊ ဆရာမ သုံးယောက် ဝင်လာပါတယ်။ လက်ရှိတော့ သူတို့တွေက သူတို့ရဲ့ ဆွေးမျိုးနီးစပ်သူတွေနဲ့ လာရောက်ဝင်တာဖြစ်လို့  သူတို့ဆွေမျိုးတွေအိမ်မှာပဲ ထားပါတယ်"လို့ ပြောပါတယ်။

မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ Non-CDM ဝန်ထမ်းတွေကို ၂၀၂၄၊ ဇန်နဝါရီ ၅ ရက်နေ့ နောက်ဆုံးထား အလင်းဝင်‌ရောက်ကြဖို့ နိုဝင်ဘာ ၂၅ ရက်ကတည်းက အမိန့်ထုတ်ပြန် ကြေညာထားပြီး သတ်မှတ်ရက် ထက်နောက်ကျမှ ဝင်လာသူတွေကိုတော့ ဥပဒေအရ အရေးယူမယ်လို့ဆိုပါတယ်။

မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက "၂၀၂၄ ဇန်နဝါရီ ၅ ရက် အတွင်း ဝင်လာသူတွေကို ကောင်းကောင်းမွန်မွန် လက်ခံဝင်ရောက်ခွင့် ပြုပါတယ်။ ၅ ရက်နေ့နောက်မှ ဆိုရင် ကျနော်တို့ဘက်က ပကဖ၊ ပအဖ၊ ပလဖတွေ PDF အဖွဲ့တွေနဲ့ စုံစမ်းပြီး လိုက်လံ ဖမ်းဆီး အရေးယူဆောင်ရွက်သွာပါမယ်။ ဇန်နဝါရီ ၅ ရက်နေ့အတွင်း အလင်းဝင်လာသူတွေကို ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နွေးထွေး ပျူငှာစွာကြိုဆိုပါကြောင်းနဲ့ ဝင်လာတဲ့ လူတွေကို လုံခြုံ အေးချမ်းစွာ နေနိုင်အောင် စီမံဆောင်ရွက်ပေးသွားပါမယ်"လို့ ပြောပါတယ်။

မြို့နယ် Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေး ကော်မတီကိုလည်း စနစ်တကျ ဖွဲ့စည်းကာ အခုအလင်းဝင်လာတဲ့ Non-CDM ဝန်ထမ်း ၅ ဦးကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီက ထုတ်ပြန်ထားတဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနဲ့အညီ စီမံဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သားတယောက် ကျည်ဆန်တွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ ABSDF စစ်ကြောင်း(၃ ) က သိရပါတယ်။

ဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သားတယောက်ဟာ စစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တာကြောင့်  မနေ့မနက် ၈နာရီ လောက်မှာ ABSDF အမှတ် (၃)စစ်ကြောင်း၊တပ်ရင်း(၁၂) ယောဒေသစခန်းမှာ အလင်းဝင်ရောက်ခဲ့တာလို့ ABSDF စစ်ကြောင်း(၃)ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

အဲဒီရဲတပ်သားဆီမှာ ၇ ဒသမ ၆၂ မီလီမီတာကျည်ဆန် အတောင့် ၅၀ ပါလာပြီးလိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ကာ ဘေးကင်းလုံခြုံတဲ့ နေရာကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီတပ်ရင်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ထွက်ပြေး အလင်းဝင်တဲ့သူ တွေ များပြားလာနေပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် ၁၄၀၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013