DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့လယ်ခေါင်တွင် ညဈေးဖွင့်ရန် ပြင်ဆင်
DVB
·
August 21, 2014
ရန်ကုန်မြို့လယ်ခေါင်တွင်  ညဈေးဖွင့်ရန် ပြင်ဆင်
Donate to DVB

ရန်ကုန်မြို့လယ်မှာ ညဈေးတန်းတခု ဖွင့်ဖို့ ပြင်ဆင်နေပြီး ဒီနှစ်ကုန်ပိုင်းလောက် ဖွင့်နိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

Mahar BanDuHla Park2ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံဘေးက မဟာဗန္ဓုလ လမ်းပေါ်မှာ ညဈေးတခုဖွင့်ဖို့ တိုင်းအစိုးရနဲ့ မူအရ သဘောတူထားပြီဆိုပြီး ညဈေးဖွင့်ဖို့ စီစဉ်နေပုံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးကျော်မြတ်မိုးက ဒီဗွီဘီကို ခုလိုရှင်းပြပါတယ်။

“အဓိကတော့ ကျနော်တို့ စိတ်ကူးက လမ်းဘေးစားသောက်ဆိုင်လေးတွေကို ပံ့ပိုးကူညီပေးနေတဲ့ အစီအစဉ် လုပ်နေတယ်။ အဲဒီကနေပြီးတော့ စည်းကမ်းတကျနဲ့ ရောင်းချတဲ့ စားသောက်ဆိုင်တွေကို ညဈေးမှာ နေရာချထားပေးဖို့ ရည်ရွယ်ထားတယ်။ နောက်တခုက ညနေဈေးမှာ ကောင်းမွန်တဲ့ ရေမြောင်းစနစ်တွေ ရှိစေချင်တယ်။ ဈေးသည်လေးတွေဘက်ကလည်း ညဈေးမှာ ရောင်းပြီးလို့ရှိရင် ဒီမှာ အိပ်လို့မရဘူး။ ပြီးတဲ့အခါမှာ သူတို့အားလုံး သိမ်းဆည်းသွားရမယ်။ သန့်ရှင်းရေးတွေ လုပ်သွားရမယ်။ မနက်ဆိုရင် သန့်သန့်ရှင်းရှင်း ဖြစ်နေရမယ်။ အဓိကတော့ ရောင်းချမယ့် စားသောက်ဆိုင် ပိုင်ရှင်လေးတွေ အသိပညာပေါ့၊ ပထမဆုံး သူတို့ရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ပေးဖို့ သင်တန်းတွေ တွေ့ဆုံဆွေးနွေးပွဲတွေ တောက်လျှောက်လုပ်နေပါတယ်။”

ဖွင့်လှစ်ဖို့ ရှိနေတဲ့ ညဈေးမှာ ဆိုင်ခန်းပေါင်း ၁၅၀ လောက်ဖွင့်ဖို့ လျာထားပြီး စားသောက်ဆိုင် အထိမ်းအမှတ်လက်ဆောင် ပစ္စည်းဆိုင် စသဖြင့် ပစ္စည်းမျိုးစုံ ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဗေဒင်ဟောခန်းနဲ့ ရိုးရာအနှိပ်ခန်းတွေလည်း ညဈေးမှာ ထားရှိဖို့ ရှိနေပါတယ်။

ညဈေးကို ညနေ ၄ နာရီကနေ ည ၁၁ နာရီထိ ဖွင့်ဖို့ တိုင်းဒေသကြီးအစိုးရထံ အဆိုပြု တင်ပြထားပြီး နောင် အဆင်ပြေရင် ဈေးဖွင့်ချိန် ထပ်တိုးသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက အမှုဆောင်တဦးဖြစ်တဲ့ ဦးအေးကျော်က ညဈေးဖွင့်ရင် ကမ္ဘာ့လှည့်ခရီးသည်တွေအတွက် လမ်းလျှောက်စရာတနေရာ တိုးလို့ ကောင်းပေမယ့် သန့်ရှင်းရေးက အရေးကြီးမယ်လို့ ပြောပါတယ်။

“ဒီမှာ လုပ်လို့ရှိရင် နိုင်ငံခြားသားတွေအတွက် လာလည်စရာနေရာနဲ့ စားစရာနေရာတခု ရသွားမှာပေါ့။ ဒါပေမယ့် ဒီနေရာမှာ သန့်ရှင်းအောင် ပြန်လုပ်ဖို့ ၀တ္တရားဟာ စားသောက်ဆိုင် လာဖွင့်တဲ့ သူတွေမှာ ရှိတယ်။ ဘယ်လောက်အထိ သန့်သန့်ရှင်းရှင်းနဲ့ ပြန်ဖြစ်အောင် အမှိုက်တွေ သိမ်းဖို့လိုတယ်။ စည်ပင်သာယာကတော့ ဒီနေရာမှာ ဆိုင်လာဖွင့်ရ အခွန်ကောက်မှာပဲ။ အခွန်ကောက်ရုံတင် ကောက်ပြီး သန့်ရှင်းရေး မလုပ်လို့ မရဘူး။ တရုတ်ပြည်မှာ ညဘက် မီးသတ်ပိုက်တွေနဲ့ ဆေးတာ၊ မနက်ကျရင် ရှင်းလင်းနေတာပဲ။”

မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းအနေနဲ့ ရန်ကုန်မြို့မှာ ရှိတဲ့ စားသောက်ဆိုင်တွေကို စဉ်ဆက်မပြတ် စစ်ဆေး အကဲဖြတ်ပြီး သန့်ရှင်းသပ်ရပ် ကောင်းမွန်တဲ့ စားသောက်ဆိုင်တွေကိုပဲ ညဈေးမှာ ရောင်းချဖို့ ရွေးချယ်သွားမှာလည်း ဖြစ်ပါတယ်။

မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မြို့တော် ဘန်ကောက်နဲ့ ချင်းမိုင်မြို့တွေမှာ ညဈေးတွေ ဖွင့်လှစ် ရောင်းချပေးနေပြီး ကမ္ဘာ့လှည့်ခရီးသွားတွေ အလာများတဲ့နေရာဖြစ်သလို ဒေသခံတွေအတွက်လည်း အလုပ်အကိုင်နဲ့ စီးပွားရှာကောင်းတဲ့ အဓိကနေရာတွေလို ဖြစ်နေကြောင်းပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013