
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA)တို့နဲ့ စစ်ကောင်စီတို့အကြား ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲတွေကနေ ယာယီအပစ်ရပ်စဲဖို့နဲ့ ဆက်ပြီးတွေ့ဆုံကြဖို့ သဘောတူခဲ့တယ်လို့ တရုတ်အစိုးရက ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဒီဇင်ဘာ ၁၄ ရက်က ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်း လင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက မောင်နင်းက ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံမြောက်ပိုင်း “၁၀၂၇” ပဋိပက္ခဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံဟာ အပစ်အခတ် ရပ်စဲပြီး ဆွေးနွေးရေးလုပ်ငန်းကို အဆက်မပြတ်ကြိုးပမ်းလုပ်ဆောင်နေကာ အခြေအနေ တည်ငြိမ်အေးချမ်းလာစေဖို့ ဖော်ဆောင်နေကြောင်း၊ မကြာသေးခင်က မြောက်ပိုင်းညီနောင် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ရာ ယာယီအပစ်အခတ်ရပ်စဲပြီး ဆွေးနွေးမှု ထိန်းသိမ်းထားဖို့ သဘောတူညီချက်ရရှိခဲ့ကြောင်း၊ လက်ရှိမြန်မာနိုင်ငံမြောက်ပိုင်းမှာ ပဋိပက္ခဖြစ်ပွားမှုတွေ သိသိသာသာလျော့နည်းလာကြောင်း တရုတ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်က တရုတ်ကြားဝင်ညှိနှိုင်းမှုနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ညီနောင်မဟာမိတ်တွေအကြားတိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ စစ်ကောင်စီနဲ့ သူတို့အဖွဲ့တွေအကြား တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုမရှိကြဖို့ ထုတ်ပြန်ပြောဆိုထားပြီး၊ မြန်မာပြည်သူတွေကို မိမိတို့ဘယ်တော့မှ လျစ်လျှူရှုမှာ မဟုတ်သလို နောက်ကြောင်းပြန်လည့်မှာလည်း မဟုတ်ကြောင်းနဲ့ ဘုံရည်မှန်းချက်အားလုံးပြည့်စုံတဲ့အထိ ဆက်လုပ်ဆောင်မှာဖြစ်ကြောင်း ကြေညာထားပါတယ်။
Photo-FMPRC










