
ရုရှားထောက်လှမ်းရေးဌာနဆီကို လျှို့ဝှက်သတင်းအချက်အလက်တွေ ရောင်းချခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဂျာမနီနိုင်ငံခြားထောက်လှမ်းရေးဌာန (BND) မှ ဝန်ထမ်းတဦးကို ရုံးတင် စစ်ဆေးမှုကို ဒီဇင်ဘာ ၁၃ ရက်က ဘာလင်မြို့တော်မှာ စတင်ခဲ့ပါတယ်။
ဂျာမန်ရဲတပ်ဖွဲ့ဟာ ကာစ်တန်အလ်လို့ အမည်ရတဲ့ ဂျာမန်နိုင်ငံသား သံသယရှိသူကို မနှစ်က ဒီဇင်ဘာလမှာ ဖမ်းဆီးခဲ့ပြီး သူ့ရဲ့တိုက်ခန်းနဲ့ လုပ်ငန်းခွင်အပြင် အခုလောလောဆယ် တရားရင်ဆိုင်နေရတဲ့ တခြားသူတဦးရဲ့ တိုက်ခန်းနဲ့ လုပ်ငန်းခွင်တို့ကိုလည်း ဝင်ရောက် စီးနင်းခဲ့ပါတယ်။
ကာစ်တန် အလ်ဟာ BND ရဲ့ ရုံးတွင်းပိုင်း ဒေတာစီမံဆောင်ရွက်ရေးစနစ်တွေထဲက လျှို့ဝှက် အချက်အလက်တွေကို ကြားဖြတ်ရယူပြီး လွှဲပြောင်းပေးခဲ့သူဖြစ်ကြောင်း ဘာလင် ရာဇ၀တ်တရားရုံးများအတွက် ပြောရေးဆိုခွင့်ရှိသူ လီဆာရာနီက ပြောပါတယ်။
ပူးတွဲတရားခံ အာသာအေးကတော့ ရုရှားနိုင်ငံနဲ့ အဆက်အသွယ်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်ကြောင်း၊ အဲဒီအဆက်အသွယ်တွေကနေတဆင့် BND ရဲ့ လျှို့ဝှက် အချက်အလက်တွေဟာ ရုရှားပြည်တွင်းထောက်လှမ်းရေးဌာန FSB ကို ရောက်ရှိသွားခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ယူကရိန်း ကျူးကျော်မှုနဲ့ပတ်သက်ပြီး ကရင်မလင်ရဲ့ ရပ်တည်ချက်ဟာ အနောက်အုပ်စုနဲ့ သဘောထားမတိုက်ဆိုင်တာကြောင့် ရုရှား သူလျှိုလုပ်ခြင်းကိစ္စတွေ ပိုမြင့်မားလာနိုင်ကြောင်း ဂျာမန်အာဏာပိုင်တွေက သတိပေးထားပါတယ်။
ဂျာမန်အစိုးရဟာ ဧပြီလတုန်းကလည်း ရုရှားသူလျှို ၄၀ ကို နှင်ထုတ်ခဲ့ကြောင်း ပြည်တွင်း ထောက်လှမ်းရေးအေဂျင်စီက ပြောပါတယ်။ ဂျာမနီ နိုင်ငံခြားထောက်လှမ်းရေးဌာန (BND) ဟာ သူ့အဖွဲ့အစည်းအတွင်း သစ္စာဖောက်မှု ဖြစ်လာနိုင်ခြေကို သိရှိလာတာနဲ့အမျှ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုယ်ပိုင်အစီအစဉ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဌာနတွင်း စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တယ် လို့ BND အကြီးအကဲ ဘရူနို ခါးလ်က သီးခြားထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။
ဒီသံသယတွေက ခိုင်မာလာတဲ့အခါမှ BND က ပြည်ထောင်စု အစိုးရရှေ့နေတွေဆီကို ဖုန်းဆက်ခဲ့တာ ဖြစ်ပါတယ်။ တရားရုံးဟာ လုံခြုံရေးအစီအမံတွေ တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပြီး ရုံးချိန်းကိုလည်း ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ဆက်လက်လုပ်ဆောင်သွားဖို့ မျှော်လင့်ထားပါတယ်။
အပြစ်ရှိကြောင်း တွေ့ရှိရင် ထောင်ဒဏ် ၅ နှစ်မှ တသက်တကျွန်းအထိ ချမှတ်နိုင်ပြီး ဂျာမနီနိုင်ငံမှာ အနည်းဆုံးထောင်ဒဏ် ၁၅ နှစ် အပါအဝင် ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်ပါတယ်။
Source/Photo -Reuters










