DVB Logo
Home
မြန်မာသတင်း
စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်အချို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း
DVB
·
December 13, 2023
စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်အချို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း
Donate to DVB

သထုံခရိုင်တွင်းက စစ်ဘက် အရပ်ဘက်ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူလူထုနဲ့ ပူးပေါင်းဖို့ သတိပေးထုတ်ပြန်ပြီးနောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဘက်ကနေ လာရောက် ပူးပေါင်းသူတွေ ရှိတယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ သထုံခရိုင်အတွင်းက စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဘက် အရပ်ဘက် ဝန်ထမ်းတွေအနနဲ့ စစ်‌ကောင်စီရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကိုစွန့်ခွာပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ  ပြည်သူလူထု နဲ့ပူးပေါင်းဆောင်ရွက်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်စေတဲ့ အမိန့်တွေကို ဖီဆန်ကာ စစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ဘက် ကူးပြောင်းခိုလှုံဖို့လည်း တိုက်တွန်းထားပါတယ်။ ဝင်ရောက်လာတဲ့ CDM တွေကို စိစစ်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မဟာ ၁၊ သထုံခရိုင်(တာဝန်ခံ) အေးမင်းထွန်းက "အခုရက်ပိုင်းမှာပဲ တပ်နဲ့ရဲ ၃ ဦး အလင်းဝင်လာတယ်။ ကျန်တဲ့သူတွေကို စိစစ်နေတုန်းပဲ။ ဝင်ရောက်လာတဲ့ သူတွေကို ကောင်းကောင်းမွန်မွန် နွေးနွေးထွေးထွေးကြိုဆိုပြီး ကောင်းကောင်းမွန်မွန်ထားတယ်။  ၁ ဦးက လက်နက်ပါလာတယ်။ လက်နက်ပါလာတဲ့သူကိုတော့ ဆုငွေပြန်လည်ချီးမြှင့်ပေးခဲ့တယ်" လို့ ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ စစ်ကြောင်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေအပြင် အုပ်ချုပ်ရေးယန္တရားတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏ ဝင်ရောက်တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ရပ်တည်မှုခက်ခဲပြီး လုံခြုံမှုမရှိတော့တဲ့အတွက် အမြန်ဆုံးပူးပေါင်းဖို့ တိုက်တွန်းလိုတယ်လို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။

ဘီးလင်းမြို့ ဒေသခံပြည်တဦးက "NON CDM သမားတွေ CDM ထဲဝင်ရင် တော်လှန်ရေးအတွက် အားသာတာပေါ့။ စစ်ကောင်စီက အားမရှိတော့ဘူးဆိုတာ ပြည်သူတွေက မြင်လာပြီ။ နောက်ပိုင်း NON CDM သမားတွေက သူတို့အတွက် ခက်ခဲလာမယ်။ သူတို့အတွက် စိုးရိမ်တယ်။ ရှေ့ဆိုပိုပြီး ရပ်တည်ဖို့ခက်ခဲလာမယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေ ၁၆ ရက်နေ့က KNLA ဦးဆောင်မှုနဲ့ သထုံခရိုင်အတွင်းက တော်လှန်ရေးအဖွဲ့တွေ စုပေါင်းပြီး မိတ်ဖက်ရေးရာကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်းတွေကနေ အမြန်ဆုံးထွက်ခွာသွားဖို့ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

သတိပေးထုတ်ပြန်ပြီးနောက်  CDM ဝင်ရောက်လာသူ ၁၀၀ နီးပါးရှိပြီး အဲဒီထဲမှာ စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများဆုံးဖြစ်တယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013