DVB Logo
Home
မြန်မာသတင်း
မြောက်ဦး၌ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
DVB
·
December 13, 2023
မြောက်ဦး၌ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၄ နာရီလောက်က ရက္ခိုင်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး Mi-35 နဲ့ လေကြောင်းကနေ  ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒေသခံတဦးက “အခုညနေပိုင်းမှာ ရဟတ်ယာဥ်နဲ့ ဗုံးကြဲချနေတာဗျ။ မြောက်ဦး၊ ရတနာမာန်အောင်အနားမှာ အေအေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေကြတာလို့တော့ သိရတယ်။ အခု ဗန္ဓုလတံတားနားနဲ့ မြောက်ဦးမြို့ပေါ်က ရပ်ကွက်တွေနားကို ရဟတ်ယာဉ် ဗုံးကြဲချတယ်။ စက်သေနတ်တွေနဲ့ ပစ်နေကြတယ်” လို့ ပြောပါတယ်။

မြောက်ဦးမြို့ ၅၄၀ တပ်ရင်းသို့  ရောက်ရှိလာတဲ့ မင်းပြားအခြေစိုက် တောင်ဖြူတောင်နဲ့ အောင်မင်္ဂလာတောင်ဗျူဟာကုန်းကနေ စခန်းစွန့်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့ နေ့လယ် ၃ နာရီ ၂၂ မိနစ်လောက်မှာ  သကျမာရ်(မာန်) အောင်တောင်တန်းဘက်ကို ထွက်လာတဲ့ အချိန်မှာ အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“စစ်ကောင်စီတပ်သား အင်အားကတော့ ၁၅၀ လောက်ရှိမယ်။ မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့ နောက်မှာ သကျမာရ်အောင်တောင်တန်းနားက ဘုရားအုပ်တောင်တန်းနားမှာ နှစ်ဖက် ထိတွေ့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားနေတယ်။”

တိုက်ပွဲဖြစ်ပွားတဲ့နေရာကို မြောက်ဦးအခြေစိုက် ခလရ ၅၄၀ တပ်ရင်းက လက်နက်ကြီး ပစ်ကူပေးနေပြီး စစ်တွေအခြေစိုက် ခလရ ၂၀ က ထွက်ခွာလာတဲ့ Mi35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစင်းကလည်း လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ပုန်းခိုကျင်းထဲတွေမှာ ပုန်းအောင်းနေကြရပါတယ်။

မြောက်ဦးမြို့နယ် လောင်းကြက်ကျေးရွာနားမှာလည်း မနေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။

လက်ရှိမှာ ကိုးသောင်းပုထိုးနဲ့ ဂေါင်းဖြူပြင်ရဲတပ်ရင်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒီဇင်ဘာ ၁၂ ရက် မနက် ၃ နာရီမှာလည်း မင်းပြားမြို့နယ်ရှိ ပန်းမြောင်းရွာ၊ အောင်မင်္ဂလာနဲ့ တောင်ဖြူတောင်ကုန်းကနေ မြောက်ဘက်ကို တပ်ဆုတ်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ  စက်လှေတစ်စီးနစ်မြုပ်ပြီး လက်နက်တွေ ဆုံးရှုံးသွားတယ်လို့ ကျေးရွာဒေသခံက ပြောပါတယ်။

“မနေ့က အဲဒီ မင်းပြား၊ ပန်းမြောင်းက အောင်မင်္ဂလာ၊ တောင်ကုန်းနဲ့ တောင်ဖြူတောင်ကုန်းက  စစ်ကောင်စီစခန်းနှစ်ခု မနက်အရုဏ်မှာ မြောက်ဦးဘက်ကို တပ်နောက်ဆုတ်ကြတာ။ စက်လှေ နှစ်စီးမှာ တစ်စီး နစ်မြုပ်သွားတယ်လို့ သိရတယ်။ လူတွေ အသေအပျောက် မရှိဘူး။ လက်နက်တချို့ လေးမြို့မြစ်ထဲ ကျသွားတယ်။”

အောင်မင်္ဂလာနဲ့ တောင်ဖြူတောင်ကုန်းတပ်စခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ လေးမြို့မြစ်ကို ဖြတ်ကူးပြီး မြောက်ဦးမြို့ရှိ ၅၄၀ တပ်ရင်းကို တပ်ဆုတ်ချိန် စက်လှေ ၂ စီးထဲက တစ်စီး နစ်မြုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ လက်နက်တွေ ဆုံးရှုံးသွားခဲ့ရတယ်လို့ ဒေသခံတချို့က အတည်ပြုပြောပါတယ်။

အမ်းမြို့နယ်မှာလည်း ဒီနေ့မနက်ပိုင်းမှာ စစ်ကောက်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမ်းမြို့နယ် ကဇုကိုင်းအခြေစိုက် တောဟိန်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒီမနက် ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဒါးလက်ကျောက်ဆင်ရွာရဲ့ တဘက်ကမ်းမှာရှိတဲ့ ပြိုင်းတောင်လယ်ကွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒါးလက်ကျေးရွာ ဒေသခံက ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြိုင်းတောင်လယ်ကွင်းမှာ စပါးရိတ်သိမ်းနေတဲ့ ဒါးလက်ချောင်းအုပ်စု၊ အထက်ရွာဟောင်းက အသက် ၅၄ နှစ်အရွယ် ဦးမောင်ကြီးရဲ့ ဘယ်ဘက်တံတောင်ဆစ်ကို လက်နက်ကြီးကျည်စထိမှန်ပြီး အကြောပြတ်ထွက်သွားတယ်လို့ ဆိုပါတယ်။

“ကဇုကိုင်းတံတားနားမှာတော့ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတယ်လို့ သတင်းကြားတယ်။ စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၁ ၂ရက်နေ့ ညပိုင်းကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး အခု လက်နက်ကြီးကျည်ကျရောက်တဲ့နေရာက တိုက်ပွဲဧရိယာမဟုတ်ဘဲ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာလို့ ပြောပါတယ်။

အမ်းမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အလယ်ကျွန်းကျေးရွာက ပြည်သူတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရမှု အခြေအနေ အတိအကျ မသိရသေးသလို စစ်ကောင်စီက သတင်းထုတ်ပြန်တာလည်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013