DVB Logo
Home
မြန်မာသတင်း
ချင်းရိုင်တွင် ကျင်းပသည့် ထိုင်းအနုပညာပြပွဲကြီးတွင်  မြန်မာအနုပညာရှင်များ ပါဝင်ပြသ 
DVB
·
December 12, 2023
ချင်းရိုင်တွင် ကျင်းပသည့် ထိုင်းအနုပညာပြပွဲကြီးတွင်  မြန်မာအနုပညာရှင်များ ပါဝင်ပြသ 
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်မြို့မှာပြုလုပ်နေတဲ့  တတိယအကြိမ်မြောက် Thailand Biennale  အနုပညာပြပွဲကြီးမှာ မြန်မာအပါအဝင် နိုင်ငံတကာက အနုပညာရှင် အယောက် ၆၀ ရဲ့ လက်ရာတွေကို ပြသနေပါတယ်။

အနုပညာ ပြပွဲကြီးကို ချင်းရိုင်မြို့က အနုပညာပြတိုက်တွေ၊ စာသင်ကျောင်းတွေ၊ စာကြည့်တိုက်တွေ၊ ဘုရားပရဝဏ်တွေနဲ့ ပန်းချီ ပြခန်းတွေ စတဲ့ နေရာအနှံ့မှာ ပြုလုပ်နေတာပါ။

ပြပွဲတခုချင်းစီမှာ အကြောင်းအရာ တခုချင်းစီနဲ့ တင်ဆက်နေတာဖြစ်ပြီး အဲဒီထဲမှာ “Zomie in Cloud” နာမည်နဲ့ အရှေ့အာရှ တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြတဲ့ ဇိုမီးလူမျိုးတွေရဲ့ ဘဝ ရှင်သန်ပုံတွေကို ဖန်တီးပြသထားတဲ့ အနုပညာပြပွဲလည်း ပါဝင်ပါတယ်။

မြန်မာ အနုပညာရှင် အောင်က “ဒီပြခန်းမှာ ပြသထားတဲ့ လက်ရာတွေက ဇိုမီးလူမျိုးတွေရဲ့ ဘဝကို အခြေခံတယ်။ ပြီးတော့ မြန်မာနဲ့ အရှေ့တောင်အာရှ တခွင်မှာ လှည့်လည် နေထိုင်တဲ့ ဇူမီးလူမျိုးတွေ၊ Hill Tribe people တွေ သူတို့ရဲ့ ဘဝ၊ နောက်ပြီးတော့ ကျနော်တို့ အရှေ့တောင် အာရှ ဇိုမီးလူတွေကနေ ဆင်းသက်လာတဲ့ လူမျိုးအကြောင်းကို လေ့လာပြီး ပြန်လည် ဖန်တီးထားတယ်။ ဒီမှာ တွေ့ရတဲ့ ဒီ Portrait ပုံတွေက တကယ့် အာခိုက်ပုံတွေပေါ့။ မြန်မာနိုင်ငံက တိုင်းရင်းသားတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။ အဲ့ဓာတ်ပုံတွေကို အခြေခံပြီး ပြန်လည် ဖန်တီး ထားတာပေါ့။ ဓာတ်ပုံတွေက သူတို့ နေထိုင်ခဲ့တဲ့ သဘာဝမြင်ကွင်းတွေ၊ တောင်တန်းနဲ့ ပင်လယ်တွေကို ဖြတ်သန်းပြီး တနေရာကနေ တနေရာ ရွှေ့ပြောင်းနေထိုင်ကြတယ်။ အဲဒီလူတွေကို အဓိက လုပ်ထားတယ်”လို့ပြောပါတယ်။

ဇိုမီးရဲ့ အဓိပ္ပါယ်ကတော့ အရှေ့တောင် အာရှကုန်းမြင့်ဒေသတွေမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ရည်ညွှန်းပြီး နိုင်ငံ ၁၀ နိုင်ငံက တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြသူတွေပါ။

အထူးသဖြင့် တရုတ် အနောက်ပိုင်း၊ အိန္ဒိယအရှေ့မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် အရှေ့ပိုင်းနဲ့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ကျွန်းဆွယ် မလေးရှားနဲ့ ထိုင်ဝမ် စတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ Hill Tribe တွေရဲ့ သဘာဝကို ဆိုလိုတာပါ။

အဲဒီဒေသတွေမှာ ရွှေ့ပြောင်း သွားလာနေထိုင်နေကြတဲ့ ဇိုမီး လူမျိုးတွေရဲ့ သဘာဝ၊ သူတို့ နယ်မြေတွေက သစ်ပင်တွေ၊ သဘာဝ ပစ္စည်းတွေနဲ့ ပုံဖော် တင်ဆက် ပြသထားတာပါ။

မြန်မာအနုပညာရှင် အောင်က “သူတို့ ဘဝကို သူတို့ အဆင်ပြေအောင် ကြိုးစားကြတယ်။ သဘာဝနဲ့ သဟဇာတမျှအောင် နေကြတယ်။ ပြီးတော့ သူတို့က တနေရာကနေ တနေရာကို နေရာအသစ်ရှာပြီး နေထိုင်တဲ့ လူမျိုးတွေ ဖြစ်တယ်။ သူတို့ရဲ့ ဝိညာဉ်တွေက သူတို့ နေထိုင် သဘာဝပတ်ဝန်းကျင်မှာ ကပ်တွယ်ညှိပြီး နေနိုင်နေတယ်။ မြန်မာ အယူအဆမှာလည်း သစ်ပင်တွေမှာ သေဆုံးသွားတဲ့ လူတွေရဲ့ ဝိညာဉ်တွေက ကပ်တွယ်ညှိနေနိုင်တယ်။ သစ်ပင်တွေ၊ ကျောက်တုံးတွေမှာ ကပ်ညှိနေနိုင်တာပေါ့။ အစ်ကိုက အဲ့ ဝိညာဉ်တွေပုံကို ဒီကပြပွဲမှာ ပြန်ပုံဖော်ကြည့်တဲ့ သဘောပါပဲ”လို့ ပြောပါတယ်။

Thailand Biennale အနုပညာ ပြပွဲကြီးမှာ ထိုင်း၊ မြန်မာ အနုပညာရှင်တချို့နဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံက အနုပညာရှင် အယောက် ၆၀ လောက်ရဲ့ အနုပညာ လက်ရာတွေကို ပြသနေတာပါ။ ဒီနှစ် ပြပွဲအတွက် concept ကတော့ Open the world လို့လည်း နာမည်ပေးထားပါတယ်။

Zomia in Cloud နာမည်နဲ့ ပြသထားတဲ့ ပြပွဲမှာတော့ မြန်မာ အနုပညာရှင် ၃ ယောက်၊ ဂျပန်နဲ့ ကမ္ဘောဒီးယား အနုပညာရှင်တို့နဲ့ စုစုပေါင်း ၅ ယောက်ရဲ့ အနုပညာ ဖန်တီးမှုတွေကို ပြသထားတာပါ။  ဒီ အနုပညာပြပွဲကို  ဒီဇင်ဘာ ၁၁ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ရက်အထိ ပြသသွားမယ်လို့ သိရပါတယ်။

ဇွဲသစ်

Photo Credit- Thailand Biennale

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013