DVB Logo
Home
မြန်မာသတင်း
ပေါက်တောတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က  ရဟတ်ယာဥ်ဖြင့်ဗုံးကြဲ
DVB
·
December 11, 2023
ပေါက်တောတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က  ရဟတ်ယာဥ်ဖြင့်ဗုံးကြဲ
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ရက္ခိုင်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲ ပြင်းထန်နေပြီး ဒီဇင်ဘာ ၁၀ ရက် နေ့လယ် ၂ နာရီကျော်လောက်က ရဟတ်ယာဥ်တစ်စီးနဲ့ ပေါက်တောမြို့ပေါ်ကို ဗုံးကြဲချခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပေါက်တောမြို့ခံတဦးက "မွန်းလွဲ ၂ နာရီကျော်မှာ ရဟတ်ယာဥ်တစ်စီးနဲ့ ပေါက်တောမြို့ကို ဗုံးကြဲချခဲ့တယ်။ ညနေ ၄ နာရီ ၅၇ မိနစ်လောက်မှာ ရေတပ်က လက်နက်ကြီးတွေ ပစ်ခတ်လာတော့ အေအေဘက်က ပြန်ပစ်တယ်။ အေအေဘက်က ပစ်တဲ့ စက်သေနတ်ကျည် ထိမှန်သွားတယ်။ ရေတပ်က အပြင်းအထန် ပြန်ပစ်လာတယ်။ ပေါက်တောမြို့ပေါ်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ကျေးရွာတွေကိုလည်း စက်သေနတ်တွေနဲ့ ပစ်နေတယ်"လို့ ပြောပါတယ်။

ပေါက်တောမြို့ပေါ်မှာ နိုဝင်ဘာ ၁၆ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲပြင်း ထန်နေတာ ရက်ပေါင်း ၂၀ ကျော် ကြာမြင့်လာနေပြီး လက်ရှိ မြို့တွင်းတိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

စစ်ကောင်စီက ကြေး၊ ရေ၊ လေတပ်တွေနဲ့ တိုက်ခိုက်လာနေတဲ့ ပေါက်တောမြို့အပါအဝင်၊ မြို့နယ်တစ်ခုလုံးက ပြည်သူတွေ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရပြီး စစ်ဘေးရှောင် ၈၀၀၀၀ ကျော်အထိ ရှိလာနေပါတယ်။

ပေါက်တောမြို့မဈေးအပါအဝင် ​ပုဏ္ဏားကျွန်းမြို့မဈေးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ရဲရိုးပြင်ရွာ၊ ခမောင်းတောရွာ၊ ပေါက်တောမြို့နယ်က မနော်သီရိရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခဲ့ကြတယ်လို့ ဒေသခံက ပြောပါတယ်။

ဒေသခံတဦးက "ရခိုင်ကဒီတစ်ကျော့ပြန်တိုက်ပွဲတွေမှာ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းက အပြင်း ထန်ဆုံးလို့ ပြောလို့ရတယ်။ ပေါက်တောစျေးက စစ်ကောင်စီ မီးလောင်ဗုံးနဲ့ပစ်လို့ ဆိုင်ခန်း ၃၀၀ ကျော်မီးလောင်ခဲ့တယ်။ နောက်ပြီး မနော်သီရိရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ ပူဏ္ဏားကျွန်းစျေးကလည်း စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကြောင်း ဆိုင်ခန်း ၂၀၀ ကျော် မီးလောင်ခဲ့တယ်။ ရဲရိုးပြင်ရွာနဲ့  ခမောင်းတောရွာ ကျေးရွာနှစ်ရွာကို မီးရှို့ခံခဲ့ကြရတယ်"လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်က ပေါက်တောမြို့၊ သဝင်ချောင်းကျေးရွာအနီး တပ်စွဲထားတဲ့  စစ်ကောင်စီရေတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ပေါက်တောမြို့ အကွက် ၂ နဲ့ ၃ ရှိ  နေအိမ်တွေနဲ့ လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားအနီးရှိ အဆောင်တွေ မီးလောင်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၅ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ရေတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပေါက်တောမြို့တွင်းဈေးဆိုင်ခန်း ၃၀၀ ကျော်နဲ့  သစ်ဆိုင်တွေ မီးလောင်ခဲ့ ပါတယ်။

နိုဝင်ဘာ ၂၈ ရက်ကလည်း ပေါက်တောမြို့ပေါ် ကို  ဂျက်လေယာဥ်နဲ့ ဗုံးကြဲချလို့ ရက်ကွက် ၃ မှ နေအိမ်တိုက်တာတွေ မီးလောင်ပျက်စီးခဲ့ရပြီး ဒီဇင်ဘာ ၆ ရက်မှာ ပေါက်တောမြို့နယ် မနော်သီရိရွာကို ရေတပ်က ပစ်ခတ်တာကြောင်း မနော်သီရိရွာက နေအိမ် ၁၉ အိမ်မီးလောင် ခဲ့ပါတယ်။

နိုဝင်ဘာ ၂၄ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ရွာအနီး ကုလားတန်မြစ်မှာ ကျောက်ချထားတဲ့ စကစ ရေတပ်က ပစ်ခတ်တဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး ပုဏ္ဏားကျွန်းမြို့မဈေး မီးလောင်ခဲ့ရသလို ဒီဇင်ဘာ ၃ ရက်က စစ်ကောင်စီ ရေတပ်က ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာနဲ့ ခမောင်းတောရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013