
မက္ကဆီကို အလယ်ပိုင်းအရှေ့ပိုင်းက ဆေးခန်းတခုမှာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှု လုပ်ဆောင်ခဲ့ ပြီးနောက် ပျောက်ဆုံးသွားတဲ့ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို မက္ကဆီကို အာဏာပိုင်တွေ က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပွေဘလာ မြို့နယ်ရှေ့နေရုံးက မေ ၂၁ ရက်မှာ အတည်ပြု ပြောကြား ခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ် ဘလန်ကာ အာဒရီယာနာ ဗက်ဇ်ကွက်ဇ်ဟာ ဝမ်းဗိုက်အဆီချ ကုသမှု ခံယူဖို့ ပွေဘလာမြို့က ဆေးခန်းတခုကို မေ ၁၈ ရက်မှာ ခင်ပွန်းဖြစ်သူနဲ့အတူ သွားရောက်ခဲ့ပါတယ်။
အစပိုင်းမှာတော့ သူတို့ဇနီးမောင်နှံဟာ ဆေးခန်းကို မေးမြန်းစုံစမ်းရုံသာ သွားခဲ့ကြပေမဲ့ ရောက်ရှိချိန်မှာ ဆေးခန်းဝန်ထမ်းတွေက သူ့ကို ကုသမှု တခါတည်း ခံယူဖို့ စည်းရုံးနိုင်ခဲ့ပုံရတယ်လို့ ခင်ပွန်းဖြစ်သူ ဖလော်ရန်စီယို ရာမို့စ်က ပြောပါတယ်။
ဖလော်ရန်စီယို ရာမို့စ်ဟာ ဇနီးဖြစ်သူနဲ့အတူ ဆေးခန်းချိန်းဆိုမှုကို လိုက်ပါသွားခဲ့ပေမဲ့ ဆေးခန်း ဝန်ထမ်းတွေက သူ့ကို ဗိုက်စည်းအကျပ်တွေ သွားဝယ်ဖို့ အနီးအနားရှိ ဂါလဲရီးယား ဆဲရ်ဒန် ဈေးဝယ် စင်တာကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆေးခန်းကို ပြန်ရောက်လာချိန်မှာတော့ ဆေးခန်းအတွင်း ဘယ်သူမှ မရှိတော့ဘဲ လူသူ ကင်းမဲ့ နေခဲ့တယ်လို့လည်း ပြောပါတယ်။
ဗက်ဇ်ကွက်ဇ်ဟာ တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း တိုင်ချက်ဖွင့်ခဲ့ပြီးနောက် ၃ ရက်အကြာမှာ သူမရဲ့ ရုပ်အလောင်းကို အိမ်နီးချင်း တလက်စ်ကားလာ ပြည်နယ်ရှိ မြစ်တစင်းအနီး က မြောင်းတခုထဲမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
“စိတ်မကောင်းစရာကတော့ ဇနီးဖြစ်သူကို အသက်ရှင်လျက်နဲ့ မတွေ့ရတော့ဘဲ သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ ဒီအမှုကို ပြစ်ဒဏ်မပေးဘဲ မလွှတ် လိုက်ဖို့ မျှော်လင့်ပါတယ်။
“ဒါက ကျနော့်မိသားစုမှာ ဖြစ်နေလို့တင် မဟုတ်ပါဘူး။ မမှန်ကန်တဲ့ ကိစ္စတစ်ခု ဖြစ်နေလို့ပါ။ အခုလောလောဆယ် ကျနော်နဲ့ ကျနော့်မိသားစု ကြုံနေရတာ ဖြစ်ပေမဲ့ နောက်နေ့တွေမှာ ဘယ်သူ့ မိသားစုမဆို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဒီအမှုကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ အာဏာပိုင်တွေ အနေနဲ့ သူတို့ရဲ့ တာဝန်ကို ထမ်းဆောင်ပေးဖို့ မျှော်လင့်ပါတယ်” လို့ သေဆုံးသူ ဗက်ဇ်ကွက်ဇ်ရဲ့ ခင်ပွန်းဖြစ်သူက ပြောကြားခဲ့ပါတယ်။
ဗက်ဇ်ကွက်ဇ် သေဆုံးမှုနဲ့ ဆက်စပ်ပြီး အလိုရှိနေတဲ့ သံသယရှိသူ ၃ ယောက်ကို အာဏာပိုင်တွေက လိုက်လံရှာဖွေနေပြီး ဆေးခန်းကိုတော့ ပိတ်ထားလိုက်ပါတယ်။
Source:Reuters










