DVB Logo
Home
Lead Story
အင်္ဂလိပ်တွေက ယူလာတဲ့ ဘိန်းကို ကျနော်တို့က လုံးဝဖြတ်လိုက်ပြီ- UWSA ပြောခွင့်ရ ဦးအောင်မြင့်
DVB
·
August 21, 2014
အင်္ဂလိပ်တွေက ယူလာတဲ့ ဘိန်းကို ကျနော်တို့က လုံးဝဖြတ်လိုက်ပြီ- UWSA ပြောခွင့်ရ ဦးအောင်မြင့်
Donate to DVB

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်နယ်မြေထဲမှာ ဘိန်းပင်တပင်မှ မရှိဘူးလို့ ၀ပြည် သွေးစည်းညီညွတ်ရေးပါတီက ပြောပါတယ်။ ၂၀၀၅ ခုနှစ်ကစပြီး ဘိန်းကင်းစင်ရေးဇုန် အဖြစ် ကြေညာခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ချက်တွေကို ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဒီဗွီဘီကို ရှင်းပြပါတယ်။

[caption id="attachment_29251" align="alignright" width="300"]ဦးအောင်မြင့် ဦးအောင်မြင့်[/caption]

လွန်ခဲ့တဲ့ရက်ပိုင်းက မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး (ယူအန်အိုဒီစီ) တို့ဟာ ၂၀၁၄ ကနေ – ၂၀၁၇ ခုနှစ်ထိ ၄ နှစ်တာအတွင်း တရားဥပဒေစိုးမိုးရေး၊ ရာဇ၀တ်မှုနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြောခွင့်ရသူ ဦးအောင်မြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အစီရင်ခံစာတွေအရ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး တော်တော်လေးကို ကျော်ကြားနေတော့လေ။ အစိုးရနဲ့ ယူအင်အိုဒီစီနဲ့ ပူးပေါင်းတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာလေ။ အန်ကယ်တို့ရဲ့အခန်းကဏ္ဍက ဘယ်လိုဖြစ်မလဲ။
“ဒီကိစ္စကတော့ ဘယ်သူမှ ပြောစရာတော့ မလိုပါဘူး။ အပြင်ကလည်း ကျနော်တို့ကို တိုက်တွန်းစရာ အမိန့်ချစရာ မလိုဘူး။ ကျနော်တို့ ဒေသမှာ နိုင်ငံတော်နဲ့ စပြီးတော့ ငြိမ်းချမ်းရေးယူကတည်းက ကျနော်တို့ဒေသမှာ ဘိန်းစိုက်နေလို့၊ ဒါက စီးပွားရေးအဓိက၊ ပြည်သူတွေရဲ့ လူနေမှုဘ၀ မြှင့်တင်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ကိုယ့်ဒေသမှာ ဘိန်းစိုက်နေလို့ရှိရင် ကိုယ့်တိုင်းရင်းသားပဲ အနီးစပ်ဆုံး ထိတွေ့နေတဲ့အတွက် ကိုယ့်တိုင်းရင်းသားပဲ အညွန့်တုံး သွားမှာဖြစ်တယ်။ ကလေးတွေဘာတွေ ဒီလို ထိတွေ့နေလို့ရှိရင်ပေါ့ အညွန့်တုံးသွားမှာ ဖြစ်တယ်။ ကိုယ့်တိုင်းရင်းသားပဲ ကိုယ့်လူမျိုးပဲ မျိုးပျောက်သွားမှာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ၁၉၉၃ ခုနှစ် ငြိမ်းချမ်းရေး စယူကတည်းကကိုက ကျနော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အစီအစဉ်ရှိရှိနဲ့ ပြည်သူတွေကို ၀ါဒဖြန့်ရမယ်၊ ပြည်သူတွေကို လုပ်ပြမယ်၊ သူတို့ကို တိုက်တွန်းမယ်၊ သူတို့ကို လမ်းမှန်၊ နည်းမှန်ဖြစ်အောင် ရှေ့ကနေပြီးတော့ ဦးဆောင်သွားမယ်ဆိုတဲ့ သံန္နိဋ္ဌာန် ချပြီးတော့ ကျနော်တို့လုပ်လာတာပါ။”

“၁၉၉၅ ကနေ စပြီးတော့ ကျနော်တို့ ၁၀ နှစ် ၁၅ နှစ် စီမံကိန်းဆိုပြီးတော့ ဆောင်ရွက်ပါတယ်။ ဒီတော့ နောက်ဆုံးမှာ ဆိုလို့ရှိရင်ပေါ့ဗျာ ၂၀၀၅ ခုနှစ်မှာ ကျနော်တို့ ၀ ဒေသမှာ လုံးဝ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အောင်မြင်ခဲ့တယ်ဆိုတာကို ကြေညာနိုင်ခဲ့တယ်။ ၂၀၀၅ ခုနှစ်ကနေ အခုထိ ကျနော်တို့ ၀ဒေသမှာ ဘိန်းပင် ၁ ပင်မှ မရှိဘူး။ ဘိန်းပင် ၁ ပင်မှ မရှိတော့ဘူး။ ဒီတော့ ပြည်သူတွေရဲ့လုပ်ငန်းကိုလည်း ကျနော်တို့က အစားထိုးလုပ်ငန်းနဲ့ အစားထိုးတယ်။ ဒီတော့ ဘာတွေလဲဆိုတော့ ရာဘာရှိမယ်၊ လက်ဖက်ရှိမယ်၊ အခြားသီးနှံတွေရှိမယ်၊ အခြားတန်ဖိုးရှိမယ့် နံ့သာဖြူတို့ဘာတို့။ ကျနော်တို့ဒီမှာ စိုက်ထားတာတွေ တော်တော်များပါတယ်။ ဒီဟာတွေနဲ့ အစားထိုးတယ်။ တဖက်ကလည်း ကိုယ့်ဒေသက ရှိတဲ့ သယံဇာတ သတ္တုတို့ ဘာတို့လည်း မတတ်ကနေ တတ်အောင် ရှာတယ်၊ လုပ်ကြတယ်။ ဒီတော့ ကျနော်တို့ ဒေသမှာ အခုက ဘိန်းကို နှစ်ပေါင်း (၁၀၀) ကျော် အင်္ဂလိပ်ခေတ်ကတည်းက အင်္ဂလိပ်တွေက ယူလာတဲ့ ဘိန်းကို ကျနော်တို့က လုံးဝဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒေသမှာလည်း အရင်နဲ့၊ လွန်ခဲ့တဲ့ အနှစ် ၂၀ နဲ့မတူအောင် တဖြည်းဖြည်း တိုးတက်ဖွံ့ဖြိုးလာတာတွေ ရှိပါတယ်။ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေး၊ နေထိုင်မှုအစရှိပေါ့ဗျာ တဖြည်းတဖြည်းနဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ နဲ့ အများကြီးကို ကွာသွားပါတယ်။ ကျနော်တို့ ဒေသမှာ အစက ကားလမ်းမရှိဘူး။ အခုကျနော်တို့ ရှိတဲ့မြေသားကားလမ်းကို ၂၅ နှစ်ပေါ့နော်၊ ၁၉၉၃ ခုနှစ်ကနေ အခုထိဆို ၂၅ နှစ်ကျော်လာပြီ လမ်းမရှိတာကနေ မြေသားလမ်း၊ မြေသားလမ်းကနေ ကျောက်ခင်းလမ်း၊ အခုဆိုလို့ရှိရင်ပေါ့ဗျာ၊ ကတ္တရာလမ်းခင်းဖို့၊ နှစ်လမ်းသွား ကတ္တရာလမ်းခင်းဖို့ ကျနော်တို့ ၀ ဒေသမှာ ဆိုလို့ရှိရင် ကီလိုမီတာပေါင်း ၇၀၀ ကျော် ၈၀၀ ကျော် ဒီလမ်းကို ၅ နှစ် စီမံကိန်း ဆိုပြီးတော့ တဖြည်းတဖြည်း ဆောင်ရွက်နေတယ်။ ဒါကြောင့်မို့ ဒီလမ်းတွေ ပြီးသွာပြီဆိုရင်ပေါ့ ကျနော်တို့ဒေသရဲ့ လမ်းပန်းဆက်သွယ်မှုက တော်တော်လေးကို ချောချောမောမောဖြစ်သွားမယ်။

လမ်းပန်းဆက်သွယ်မှု ချောမောသွားပြီဆိုလို့ရှိရင်လည်း ဒေသကျေးရွာတွေရဲ့ ဖွံ့ဖြိုးမှု ကျေးရွာတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ဘာတွေလည်း တဟုန်ထိုး ဖြည်းဖြည်းဖြည်းဖြည်းနဲ့ တဟုန်ထိုး တက်လာမှာပေါ့။ အခုဆိုရင် ကျေးရွာမှာ ကျနော်တို့ အရင်တုန်းက မမြင်ဖူးတဲ့ ကားတို့ဘာတို့ လမ်းပေါက်နေပြီ။ ကားတွေ ဘာတွေ သွာလို့ရတယ်။ ကျေးရွာမှာဆိုရင် အထူးသဖြင့် အရင်တုန်းကဆိုရင် သက်ကယ်မိုးနဲ့ပေါ့ဗျာ၊ အခု ကျေးရွာတွေမှာ သက်ကယ်မိုး မရှိသလောက်ပဲ။ အားလုံးက သွပ်ပြားပဲ။ ကျေးရွာမှာ အရင်က မမြင်ဖူးတဲ့ မော်တော်ဆိုင်ကယ်။ ကျနော်တို့ အခုက ကျေးရွာတွေက ရော်ဘာခြံတွေမှာ ၀င်ပြီးတော့ လုပ်ငန်းဆောင်ရွက်နေတဲ့ အတွက်ပေါ့။ ကျေးရွာတွေမှာလည်း သူ့ ၀င်ငွေနဲ့သူ၊ သူ့ စီးပွားရေးနဲ့သူ။ ကျေးရွာတွေမှာ မော်တော်ဆိုင်ကယ်တွေက ၃၀၊ ၄၀ ရှိပါတယ်။ ဒါကြောင့်မို့ ဒေသအတွင်းမှာ ကြိုက်တဲ့နေရာသွား ခင်ဗျား မော်တော်ဆိုင်ကယ်ကတော့ မြင်ရတယ်။ ပြည်သူလူထုတွေရဲ့ နေထိုင်မှုဘ၀က တော်တော်လေးမြင့်တက်လာပါတယ်။”

နှစ်လမ်းသွားကားလမ်းတွေ အခြေအနေ ပြောပြပါ။ ဘယ်နှခုနှစ်ကတည်းက စနေတာလဲ။
“ကီလို ၇၀၀ ကျော်မယ်နဲ့တူတယ် နှစ်လမ်းသွားကားလမ်းတွေ ဖောက်နေတယ်။ တချို့နေရာတွေ က ကတ္တရာလမ်းက ခင်းပြီးပြီ။ တချို့နေရာက လမ်ေးတွ ကွေ့ကောက်တာ များတာကို ဖြောင့်အောင်ဆွဲတယ်။ လမ်းတွေ မတ်တာ၊ အတက်အဆင်းများတာကို ညီအောင်၊ ချောအောင် အကုန်လုံး နှိမ့်ချပစ်လိုက်တယ်။ ဒါတွေ အကြီးအကျယ်လုပ်နေတယ်။ ကျနော်တို့ နောက်ဆုံးကတော့ နောက်ငါးနှစ်စီမံကိန်း။ တချို့ဒေသတွေကတော့ ကတ္တရာလမ်းတွေ ဘာတွေ နှစ်လမ်းသွား ပြီးသွားပြီ။ ကီလိုမီတာဆိုရင် ၂၀၀၊ ၃၀၀ ပြီးသွားပြီ။ အရင်နှစ်တွေကလည်း လုပ်ပါတယ်။ အခုဟာက နောက်ငါးနှစ်စီမံကိန်းရဲ့ ဒုတိယနှစ်ပေါ့။”

ကျောင်းတွေလည်း ပေါ်လာမှာပေါ့ နောက်ပိုင်းကျလို့ရှိရင် ပိုပြီးတော့ ထွန်းကားလာမှာပေါ့နော်။
“ကျောင်းတွေဘာတွေလည်း ရှိတယ်။ ကျနော်တို့ဒေသမှာ၊ ကျေးရွာတွေမှာ ဒိုင်နယ်တွေမှာ၊ မြို့နယ်တွေမှာ ကျောင်းတွေဘာတွေဖွင့်တာကို ကျနော်တို့ကလည်း တော်တော်လေးကို ဒီဒေသရဲ့၊ နဂိုကဆိုရင် စာဖတ်တတ်တဲ့ကလေးတွေ မရှိဘူး၊ လူတွေ မရှိဘူး။ ကျနော်တို့ လူကြီးပိုင်းတောင်မှ အရင်ခေတ်က မရှိလို့ပဲ အခု စာပေပညာက သိပ်ပြီးတော့ မတတ်ဘူးပေါ့ဗျာ။ မြန်မာလို မဖတ်တတ်ဘူး မြန်မာလို မပြောတတ်ဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့ ကျနော်တို့ဒေသမှာ ကျောင်းဆိုလို့ရှိရင်ပေါ့ ဒါက ကျနော် ခန့်မှန်းတာနော် တိတိကျကျစာရင်းက ကျနော် သိပ်မမှတ်မိလို့ ၃၀၀ ထက်မနည်းဘူးဗျ။ သူငယ်တန်းတွေ ဘာတွေ၊ ကျနော်တို့ကလည်း ပညာရေးပေါ်လစီက အစိုးရလို မဟုတ်ဘူး။ ခင်ဗျား ဒီရွာမှာ ဒီဒိုင်နယ်မှာ မြန်မာလို သင်တတ်တဲ့လူရှိရင် မြန်မာစာ မြန်မာကျောင်းဖွင့်။ ၀စာ သင်တတ်တဲ့လူရှိရင် ၀ကျောင်း ၀ ဘာသာဖွင့်။ ရှမ်းဘာသာသင်တတ်တဲ့လူရှိရင် ရှမ်းဘာသာ၊ ရှမ်းကျောင်းဖွင့် ဒီအတိုင်းပဲပေါ့။ ဘယ်ကျောင်းပဲဖြစ်ဖြစ် ကျနော်တို့က ကန့်သတ်မထားဘူး။ ကလေးတွေ ပညာတတ်ဖို့ပဲ။ တရုတ်ဘာသာ သင်တတ်တဲ့ဆရာရှိရင် တရုတ်လိုလည်း သင်။ ဘယ်ဘာသာပဲသင်သင် သူက ပညာတိုးတာပဲ။ တွက်တာတို့ ချက်တာတို့ဘာတို့ အကုန်တတ်မှာပေါ့ဗျာ။ ဒါကြောင့်မို့ ကျနော်တို့က ဒါတွေကို မကန့်သတ်ဘူး။ အကယ်၍ ကန့်သတ်လိုက်မယ်ဆိုလို့ရှိရင် သူ ဒီလို ဘယ်ဖွံ့ဖြိုးနိုင်မှာလဲ။ ဒီလို အများကြီး ဘယ်ရှိမှာလဲ။ ဒါကြောင့်မို့ ကျနော်တို့က မကန့်သတ်ဘူး။ ဒါပေမယ့် တဖြည်းတဖြည်းနဲ့တော့ သူ့ကိုလည်း ပြန်စုစည်းရမှာပေါ့။ စုစည်းပြီးတော့ အလယ်တန်းဖြစ်အောင်။ အထက်တန်းဖြစ်အောင်၊ ဘာသာစုံအောင် ဒါတွေကတော့ လုပ်လည်း လုပ်နေပါတယ်။ ဒီလို အထက်တန်းထိရှိတဲ့ကျောင်း ၉ ကျောင်းလောက်ရှိပါတယ်။”

ဟုတ်ကဲ့ပါ ဦးအောင်မြင့် ကျေးဇူးတင်ပါတယ် ခုလို ရှင်းပြတဲ့အတွက်။
“ဟုတ်ကဲ့ပါ ကျနော်တို့လည်း ခင်ဗျားတို့ကမေးတယ်ဆိုတော့ ကျနော်တို့ကလည်း ပြင်ပကမ္ဘာက ၀ ဒေသရဲ့ ဆင်းရဲနောက်ကျနေတဲ့ အကျိုးအကြောင်း၊ အခုဖြစ်ပေါ်နေတဲ့ အခြေအနေလေးတွေ ကိုလည်း သိစေချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013