DVB Logo
Home
မြန်မာသတင်း
ကျွန်းစုနှင့် ခမောက်ကြီးတွင် တိုက်ပွဲပြင်းထန်  
DVB
·
December 10, 2023
ကျွန်းစုနှင့် ခမောက်ကြီးတွင် တိုက်ပွဲပြင်းထန်  
Donate to DVB

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်နဲ့ ကျွန်းစုမြို့နယ်တို့မှာ နိုဝင်ဘာ ၈ ရက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးသူတွေ များပြားခဲ့တယ်လို့ ဒေသခံ PDF တွေထံက သိရပါတယ်။

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်မှာ နိုဝင်ဘာ ၈ ရက် မနက် ၁၀ နာရီလောက်က ခမရ(၅၈၄)က တပ်ရင်းမှူးဦးဆောင်လာတဲ့ အင်အား ၅၀  ပါ  စစ်ကောင်စီစစ်ကြောင်းကို ကော့‌သောင်း PDF က အလစ်ငိုက်တိုက်ခိုက်ခဲ့ရာက တိုက်ပွဲစဖြစ်ခဲ့တာပါ။

စစ်ကောင်စီခြေလျင်စစ်ကြောင်းဟာ ဖော့သုတ်ကျေးရွာသင်္ချိုင်းအနီးကို ရောက်ရှိလာချိန် စောင့်ကြိုကင်းပုန်းဝပ်နေတဲ့ ကော့သောင်းပကဖအဖွဲ့နဲ့ ထိပ်တိုက်အနီးကပ်ထိတွေ့မှုဖြစ်ပွားခဲ့ရာ  စစ်ကောင်စီဘက်က ဒုတပ်ကြပ် ၁ ဦးအပါအဝင် ထိခိုက်သေဆုံးသူများတယ်လို့ ကော့သောင်း ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဒုတပ်ကြပ်တစ်ယောက် နေရာမှာပဲ လဲကျ‌သေဆုံးသွားတာကို‌တွေ့ရတယ်။ လက်နက် အင်အား လူအင်အားမမျှလို့ ပြန်ဆုတ်လာရတယ်။ ဒေသခံ သတင်းအရ အဲ့နေ့ကဖြစ်စဉ်မှာ စစ်ကောင်စီတပ်က ၈ ယောက်သေပြီး အလောင်းတွေကို အရပ်သားကားနဲ့ ခမောက်ကြီးဘက်ကို သယ်သွားတယ်လို့သိရတယ်။”

စစ်ကောင်စီ စစ်ကြောင်းဟာ မာရမ်းကျေးရွာကို နိုဝင်ဘာ ၇ ရက်နေ့ကတည်းက နယ်မြေရှင်းလင်းဖို့ရောက်ရှိနေတာဖြစ်ပြီး မာရမ်းရွာကတဆင့် လက်နက်ခဲယမ်းအပြည့်စုံနဲ့ မြေတင်ကားကြီး တစ်စီး အိမ်စီးကားငယ် နှစ်စီးနဲ့အတူ ထွက်ခွာလာပြီး တော့ဖော့သုတ်ကျေးရွာ အလွန်မှာ ကားတွေကိုရပ်နားကာ အင်အား ၂၀ လောက်နဲ့ ရှေ့ပြေးကင်းထောက်အဖွဲ့အဖြစ် ခြေလျင်စစ်ကြောင်းထိုးလာတာလို့  သိရပါတယ်။

နှစ်ဘက်အပြန်အလှန် မိနစ် ၂၀ လောက် တိုက်ခိုက်ခဲ့ရာ ကျည်မလုံလောက်ခဲ့သလို စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ အချက်၂၀ လောက် အဆက်မပြတ် ပစ်ပေးနေတာကြောင့် ပြန်ဆုတ်ခွာလာခဲ့ပြီး ဒုတပ်ကြပ်ရဲ့ MA.1 သေနတ်တစ်လက် ကောက်ယူရရှိခဲ့တယ်လို့ ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက် မနက် ၆ နာရီခွဲလောက်ကလည်း  ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာရှိ စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေနဲ့  မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတို့  တိုက်ပွဲ ၅ နာရီလောက်ဖြစ်ခဲ့ပြီး  နှစ်ဖက်ထိခိုက်ဒဏ်ရာရသူတွေ များပြားခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက် ၃ ဦးသေဆုံးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိတ်PDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း တပ်ဖွဲ့ဝင် ၂ ဦးကတော့  လက်နက်ငယ် ထိမှန်ဒဏ်ရာ အပြင်းအထန် ရခဲ့ပြီးတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“တစ်ယောက် အခြေနေဆိုးနေတယ်။ ခွဲစိတ်ခန်းထဲမှာတဲ့။ နှုတ်ခမ်းမှာထိတဲ့တစ်ယောက်လည်း ရှိတယ်။”

မင်းဂုတ်ရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက တိုက်ပွဲပြင်းထန်တာကြောင့် ကျေးရွာသားတွေ ရွာလုံးကျွတ် ဘေးလွတ်ရွာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေမှာ နှစ်ဖက်စစ်‌ရေးတင်းမာနေပြီး ကျေးရွာတွေရှိ အရပ်သား ပြည်သူတွေဟာ အရင်တိုက်ပွဲတွေဖြစ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရသူတွေရှိသလို တိုက်ပွဲဖြစ်ပွားရာရွာတွေမှာ စစ်ကောင်စီတပ်က လုံခြုံရေးချစစ်ဆေးပြီး ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013