DVB Logo
Home
Lead Story
အရေးပါတဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ် - ဦးကိုကိုကြီး
DVB
·
August 20, 2014
အရေးပါတဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ် - ဦးကိုကိုကြီး
Donate to DVB

နိုင်ငံရေးမူဘောင်ချမှတ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကိုယ်စားပြုပါဝင်မှုဟာ အလွန်အရေးကြီးတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

ဦးကိုကိုကြီးကို မေးမြန်းချက်

အစိုးရဘက်က ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်ကိစ္စကို ဆွေးနွေးဖို့ မူအားဖြင့် သဘောတူလိုက်တာကြောင့် ဒီဖြစ်ထွန်းမှုအပေါ် ဦးကိုကိုကြီးရဲ့ သုံးသပ်ချက်ကို သိပါရစေ။

ko ko gyi“အဓိကကတော့ ဖက်ဒရယ်ဆို တဲ့ ဝေါဟာရပေါ့။ ဖက်ဒရယ်ဆိုတာကို ကျနော်တို့နိုင်ငံမှာ အစဉ်အဆက် ၀ါဒဖြန့်ထားတာရော၊ နားလည်ထားတာရောက ဖက်ဒရယ်ဆိုရင် တိုင်းပြည် ပြိုကွဲတော့မယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ နားလည်ထားကြတာကိုး။ ဆိုတော့ နောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံကိုပဲ သွားမှဖြစ်မယ်ဆိုတာကိုတော့ ယေဘုယျအားဖြင့် လက်ခံလာကြတယ်လို့ အဲလိုပဲ ကျနော်နားလည်ပါတယ်။”

“သို့သော် ဘယ်လိုပုံစံ ဖက်ဒရယ်မျိုးလဲဆိုတာနဲ့ ပတ်သက်လို့ကတော့ ဆွေးနွေးကြရမယ်လို့ ကျနော်တော့ အဲလို နားလည်တယ်။ အဲဒီတော့ ဘာပဲပြောပြော ဖက်ဒရယ်ဆိုတဲ့ အသုံးအနှုန်းကို အရင်ကလို တစ္ဆေခြောက်သလို ခြောက်နေတာမျိုး မဟုတ်ဘဲနဲ့ လက်ခံသုံးစွဲလာတာက ဒါက တိုးတက်မှုတခုလို့ ကျနော်တို့ ပြောလို့ရပါတယ်။  နောက်တခုကတော့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတဲ့ကိစ္စပေါ့။ အဲဒါက ပြည်ထောင်စုတပ်မတော်ဆိုတဲ့ ကိစ္စပေါ့။ အဲဒါကတော့ ဒီဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုချက်က အရေးကြီးမယ်ထင်တယ်။ ပြည်ထောင်စုတပ်မတော်ဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲ။ ဆိုတာ အဲဒီဟာက အသေးစိတ်ဆွေးနွေးရမယ်လို့ ကျနော်တို့မြင်ပါတယ်။”

မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ သုံးဆယ်ကျော်ကို  ဖိတ်ကြားတဲ့ ဆွေးနွေးပွဲမှာ ပါတီတွေက ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကို ထောက်ခံခဲ့ကြတယ်။ အဲဒီအပေါ် အမြင်ပြောပြပါ။

“တခုက နိုင်ငံရေးပါတီတွေဆိုတာက သူတို့ရဲ့ကိုယ်စားပြုမှုပမာဏပေါ်မူတည်ပြီး နိုင်ငံမှာ အရေးပါတဲ့ Institutions (အဖွဲ့အစည်းတွေ)။ ဆိုတော့ နိုင်ငံလုံးဆိုင်ရာ ကိုယ်စားပြုတဲ့ပါတီတွေ၊ တနည်းအားဖြင့် ရွေးကောက်ပွဲသက်တမ်း ကာလတခုမှာ လူထုက လွတ်လွတ်လပ်လပ်နဲ့ မဲပေးရွေးချယ်လိုက်လို့ရှိရင် နိုင်ငံနဲ့အ၀န်း ကိုယ်စားပြုခွင့်ရသွားတယ်။ ဆိုတော့ အဲဒီလို ပါတီကြီးတွေ၊ အခြားဒေသလိုက်ပါတီတွေလည်း ရှိမယ်။ အဲဒီလို ပါတီတွေ ကိုယ်တိုင် ကိုယ်နှိုက်က ဖက်ဒရယ်ပြည်ထောင်စုအပေါ်မှာ လက်ခံလာကြတယ် ဆိုတာဟာလည်း အပြုသဘောဆောင်တဲ့ လက္ခဏာပါပဲ။

“ဘာကြောင့်လဲဆိုတော့ အရင့်အရင်က ဖက်ဒရယ်ကြောက်တဲ့ ပါတီတွေပါ လက်ခံလာတဲ့သဘော။ အဲဒီတော့ အခုကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့နေရာမှာ အပစ်အခတ်ရပ်စဲရေး ကာလအထိကတော့ တပ်တည်နေရာတွေ၊ တပ်တွေရဲ့ နေရာချထားတာတွေနဲ့ ပတ်သက်ပြီး ပိုပြီးတော့ အာရုံစိုက်ကြတယ်လို့ ကျနော် အဲလိုပဲ နားလည်တယ်။ တကယ့်တကယ် နိုင်ငံရေးအခြေခံမူဘောင်တွေ ဆွေးနွေးတာ၊ နိုင်ငံရေးအဖြေရှာဖို့ ဆွေးနွေးပွဲတွေမှာကတော့ ကိုယ်စားပြုမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီ ပြည့်ပြည့်၀၀ မရှိသေးတဲ့အချိန်ကျတော့ အချက်အလက်အရ အများအသိအမှတ်ပြု လက်ခံထားတဲ့ အရေးပါတဲ့ခေါင်းဆောင်တွေ၊ Key Player တွေကြားထဲမှာ နားလည်မှု အရင်ဆုံးရဖို့ လိုပါတယ်။ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။ အဲဒီတော့ အဲလိုအရေးပါတဲ့ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေကြားထဲမှာဆိုရင် ဆွေးနွေး၊ နားလည်မှု ပုံကြမ်းပေါ်လာပြီဆိုတဲ့အခါမှာ နောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ထပ်ပြီးတော့ ထည့်သွင်းတာတွေ၊ ဆွေးနွေးတာတွေ အဲသလိုပဲ လုပ်ရတဲ့အစဉ်အလာလို့ ကျနော် နားလည်ပါတယ်။”

မူဘောင်ရေးဆွဲရေးမှာ ရှစ်ပွင့်၊ ငါးပွင့်၊ ခြောက်ပွင့်၊ သုံးပွင့် စသဖြင့် ပြောကြပါတယ်။ ဒီအခြေအနေမှာ အကောင်းဆုံးကို လမ်းညွှန်နိုင်တဲ့ မူဘောင်ဖြစ်နိုင်ပ့ါမလား။ ဘယ်နှပွင့်လောက် ဖြစ်သင့်တယ်လို့ ယူဆသလဲ။

“အဲဒါက ကျနော်တို့ အပွင့်တွေဆိုတာ သတ်မှတ်ချက်တွေပဲ။ ကျနော်မြင်တာက ကိုယ်စားပြုမှု ပြည့်စုံဖို့၊ အထူးသဖြင့် မကျန်သင့်တဲ့ပုဂ္ဂိုလ်တွေ၊ မပါမဖြစ်တဲ့ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေ မကျန်အောင်လုပ်ဖို့က ပိုအရေးကြီးတယ်။ မူဘောင်ဆိုတာကလည်း အသေးစိတ်ဆွေးနွေးတာ မဟုတ်ဘူး။ ဒါ Frame (မူဘောင်) ပဲ။ အဲဒီတော့ Frame မှာ အသေးစိတ်တွေ ဆွေးနွေးနေလို့ရှိရင်လည်း ကျနော်တို့ အဲဒီမှာတင် ရှေ့မတက်နိုင်နေမယ်။ အဲဒီတော့ မူဘောင်ကို ဆွေးနွေးတဲ့အခါမှာ ယေဘုယျကျပြီးတော့ ခြုံငုံမိတဲ့ အခြေခံမျိုးတွေ ပါဖို့လိုတယ်။  နိုင်ငံရေးဆွေးနွေးပွဲတွေ သွားတဲ့အခါကျမှ အနုစိတ်ပေါ့၊ အသေးစိတ်ကိစ္စတွေကို ဆက်ဆွေးနွေးပြီးတော့ တဆင့်ပြီး တဆင့် သွားရမယ့်ကိစ္စလို့မြင်ပါတယ်။ အဲဒီတော့ အပွင့်တွေ ကိစ္စပြောမယ်ဆိုရင်တော့ သုံးပွင့်လို့ ပြောတာကလည်း သုံးပွင့်ထဲမှာ အနုစိတ်မယ်ဆိုရင် ထပ်ကွဲလာဦးမှာ။ အဲဒီတော့ ကျနော်က အပွင့်အရေအတွက် ပြောတာထက်ကို ပါသင့်ပါထိုက်တဲ့ မပါမဖြစ်ပုဂ္ဂိုလ်တွေ မကျန်ဖို့က အရေးကြီးတယ်လို့ ကျနော်က အဲဒီလိုပဲ မြင်ပါတယ်။”

ပကတိရရှိထားတဲ့ မှတ်တိုင်တွေအပေါ်မှာ ခြုံပြီးတော့ ပြောပြပါခင်ဗျ။

“ကျနော်တို့က အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ ဆွေးနွေးပွဲတွေက အရင်အစိုးရအဆက်ဆက်မှာလည်းပဲ လုပ်ခဲ့ဖူးတယ်။ အဲဒီတော့ လုပ်ပြီးတော့ ဘာကြောင့် အဖတ်မတင်သလဲဆိုတာ အဲဒါတွေကို မှန်မှန်ကန်ကန် ပြန်ဆန်းစစ်ဖို့လိုတယ်။ သင်ခန်းစာယူဖို့လိုတယ်။ ဒီတခါ အပစ်အခတ်ရပ်စဲရေးလုပ်ရင် အရင့်အရင် အပစ်အခတ်ရပ်စဲရေးတွေလိုမျိုး လုပ်လိုက်၊ ပျက်လိုက်မဖြစ်အောင် ကျနော်တို့က စနစ်တကျ ဒါတွေကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ၊ သက်သေတွေပေါ့။ ဂုဏ်သရေရှိ နှစ်ဖက် လက်ခံနိုင်တဲ့ သိက္ခာရှိတဲ့၊ သမာသမတ်ကျတဲ့ အသိသက်သေတွေပါ တခါတည်း ချည်နှောင်ထားဖို့ပေါ့။ ဒီအဆင့်ကနေ လျှော့ကျမသွားအောင်နဲ့ တဆင့်ပြီးတဆင့် တက်သွားအောင် ကျနော်တို့က စိတ်ရှည်လက်ရှည်နဲ့ အမြော်အမြင်ကြီးကြီးနဲ့လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်။

“ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နိုင်ငံတည်ဆောက်ရေးကို ပြောတဲ့အခါမှာ တခုနဲ့တခု ချိတ်ဆက်နေတယ်။ သဘောက ဒီမိုကရေစီလို့ ပြောရင် ရွေးကောက်ပွဲသက်သက်ကို ပြောလို့မရဘူး။ ရွေးကောက်ပွဲ တရားမျှတဖို့၊ သမာသမတ်ကျဖို့ အရေးကြီးတယ်၊ ဒီဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကလည်း ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ဆက်စပ်နေတယ်။ တိုင်းပြည်ရဲ့ စီးပွားဥစ္စာဖွံ့ဖြိုးရေးနဲ့ မျှမျှတတ အကျိုးခံစားနိုင်ခွင့် ဆိုတာတွေဆိုတာကိုလည်းပဲ ကျနော်တို့က စီးပွားရေးရှုထောင့်က နေကြည့်ဖို့လိုတယ်။ အဲဒါတွေအားလုံးကို ချိတ်ဆက်ပြီး ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ကြောင့် အရေးပါတဲ့ ခေါင်းဆောင်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပုံကားချပ်ကြီးတခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် မြင်တဲ့အမြင်မျိုးနဲ့ ချဉ်းကပ်ပြီးတော့ ရေရှည်အမြင်နဲ့ ၀ိုင်းပြီးဆွေးနွေးကြရင်တော့ အောင်မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013