DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်း အနောက်ခြမ်းရှိ စစ်ကောင်စီတပ်များတွင် စစ်သည်အင်အား မရှိသလောက်ဖြစ်နေ
DVB
·
December 6, 2023
ပဲခူးတိုင်း အနောက်ခြမ်းရှိ စစ်ကောင်စီတပ်များတွင် စစ်သည်အင်အား မရှိသလောက်ဖြစ်နေ
Donate to DVB

တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ တပ်ရင်းလိုက်ကျဆုံး ဒဏ်ရာရတာ၊ လက်နက်ချ အလင်းဝင်တာတွေ များလာတဲ့အတွက် ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တွေမှာရှိတဲ့ တပ်တွေမှာ စစ်သား မရှိသလောက် နည်းပါးသွားပြီး စစ်သားသစ်တွေ စုဆောင်းနေသလို ပေါ်တာဆွဲတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မင်းလှမြို့နယ်မှာရှိတဲ့ ခြေလျင်တပ်ရင်းမှာ စစ်သားမရှိသလောက် အခြေအနေကို ရောက်နေပြီလို့ တပ်နဲ့နီးစပ်တဲ့ ဒေသခံတယောက်ထံက သိရပါတယ်။

မင်းလှဒေသခံတယောက်က “မင်းလှ ခလရ ၁ မှာ မိန်းမတွေပဲရှိတယ်။ ဗိုလ်နှစ်ယောက်ရယ်၊ စာရေးရယ်ပဲရှိတယ်။ အဲ့ဒီမှာ ဈေးသွားရောင်းသူက ပြောပြတာ။ သူ့ကိုလည်း တပ်သားသစ် ခေါ်ပေးရင် ကျပ် ၅ သိန်းပေးမယ်၊ တပ်သားသစ်ကိုလည်း ၅ သိန်းပေးမယ်။ ဘာမှမလုပ်ရဘူး၊ ဒီမှာ ကင်းပဲစောင့်ရမှာလို့ ပြောတယ်။ အခု သူတို့ရှိတဲ့ ဗိုလ်နှစ်ယောက်ကပဲ တနာရီခြားတခါ သေနတ်ဖောက်ပြီး တယောက်တလှည့် ကင်းစောင့်နေရတယ်။ စာရေးကတော့ အပြင်မှာ အိမ်ငှားနေတယ်။ သူတို့တပ်က ကယားမှာတုန်းက အားလုံးနီးပါး ပြန်မလာကြတာ” လို့ ပြောပါတယ်။

နိုဝင်ဘာလထဲမှာ ဖြစ်ပွားခဲ့တဲ့ ကရင်နီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ အကျအဆုံး များတာကြောင့် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာ အခြေစိုက် ခမရ ၆ တပ်လည်း မုဆိုးမတပ် ဖြစ်သွားပြီလို့ ဆိုပါတယ်။

သာယာဝတီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “တိမ်မြုပ်တပ် ခမရ ၆ က ကရင်နီတိုက်ပွဲမှာ အများကြီးသေကြတာ။ အရေအတွက်တော့ မမှတ်မိတော့ပါဘူး။ အယောက် ၂၀ ကျော်လောက်လည်း အလင်းဝင်သွားတယ်။ လွိုင်ကော်တက္ကသိုလ်ထဲမှာ အဲ့သတင်း ဝင်လာကတည်းက တပ်ထဲမှာ ထိန်းလို့မရနိုင်အောင် ဖြစ်သွားတာ။ တကယ့်ကို မုဆိုးမတပ် ဖြစ်သွားတာ။ သူတို့ဘက်က တပ်သားသစ်တွေတော့ လာဖြည့်သွားတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ အဲ့ဒီအသစ်တွေက ပျူတွေနဲ့ အငြိမ်းစား အဘိုးကြီးတွေလို့ အထဲက ဖရဲသီးက သတင်းပို့ထားတယ်” လို့ ပြောပါတယ်။

အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲတဲ့သတင်းတွေလည်း ထွက်ပေါ်နေပြီး  လူငယ်လူရွယ်တွေလည်း ပျောက်ဆုံးတာ ပိုများလာနေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

“အုတ်ဖိုမှာက လူငယ်တွေ အရမ်းပျောက်နေကြတယ်။ တပ်ကို မိဘတွေက လှမ်းမေးပြီး အကူအညီ တောင်းကြတာ။ ဒီဘက် PDF ဆီလည်း ရောက်မလာကြဘူး။ ပေါ်တာဆွဲခံရတာပဲ ဖြစ်မယ်လို့၊ ဘာလို့လဲဆိုတော့ တခြား ပဲခူးတိုင်းထဲက တပ်တွေမှာ စုံစမ်းကြည့်တော့လည်း မရှိကြဘူး။ အခုဆို ကျနော်တို့ကို လာပြောတာပဲ ၁၀ ယောက်လောက် ရှိနေပြီ။ လူငယ်တွေချည်းပဲ။ အများစုက ညဘက် ဆိုင်ကယ်နဲ့ ထွက်သွားပြီး ပြန်မလာကြတာ။ နယ်ဘက်တွေမှာလည်း ညဘက် ရွာအပြန်တွေကို ဆိုင်ကယ်တွေ ဖမ်းတာတွေကလည်းရှိပြီး အဖမ်းခံထားရတဲ့သူတွေလည်း စုံစမ်းမရတာတွေ ရှိနေတယ်။ နောက် ပေါ်တာဆွဲနေတယ် ဆိုတာကလည်း သူတို့ ထွေအုပ်အသိုင်းအဝန်း ကနေပဲ ကြားနေတာ။ ကိုယ်တွေနယ်က ကလေးတွေ အဖမ်းခံရပြီး စစ်တပ်ထဲကို အတင်းသွပ်သွင်းနေတယ်လို့ပဲ ထင်တာပဲ။”

လူငယ်တွေကို ပေါ်တာဆွဲနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသလို သီးခြား အတည်ပြုနိုင်ခြင်းလည်း မရှိသေးပါဘူး။

ကရင်နီဒေသတွင်း တိုက်ပွဲတွေမှာ ခမရ ၆ တိမ်မြုပ်တပ်က အင်အား ထက်ဝက်နီးပါး သေဆုံးခဲ့ပြီး တပ်ခွဲမှူး ဦးစီးတဲ့ စစ်ကောင်စီတပ်သား ၃၂ ဦးကတော့ လက်နက်ချ အညံ့ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ကရင်နီတိုက်ပွဲနဲ့ ညီနောင်မဟာမိတ်တိုက်ပွဲတွေအတွက် လိုအပ်တဲ့ စစ်သည်အင်အား ၁၀၀ ကို ပြည်အခြေစိုက်တပ်တွေကနေ ပေးရမယ် ဆိုတာကြောင့် ပန်းတောင်း ခလရ ၉၂ တပ်က ဗိုလ်မှူးတယောက်၊ ဗိုလ် ၃ ယောက်နဲ့ တပ်သား ၅ ယောက်၊ ပြည် ၉၅၉ တပ်က တပ်သား ၇ ယောက်တို့ ထွက်ပြေးသွားပါတယ်။

လတ်တလောမှာ ရန်ကုန်-ပြည်လမ်းက စစ်‌ေဆးရေးဂိတ်တွေမှာလည်း စစ်သားတွေ မရှိတော့ဘဲ ဝက်ပုတ် တနေရာမှာသာ စစ်သားအနည်းငယ်ရှိပြီး ကျန်တဲ့ဂိတ် အများစုကတော့ ရဲတပ်ဖွဲ့ဝင်တွေပဲ ကျန်တော့ကြောင်း အဝေးပြေးမောင်းသူတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013