
တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ပူတင်တို့နဲ့ ၃ ပွင့်ဆိုင် တွေ့ဆုံဖို့ အသင့်ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
အဲဒီ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲဟာ နျူကလီးယားဖျက်သိမ်းရေးကို အာရုံစိုက်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
သတင်းထောက်က ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရှီအပါအဝင် ၃ ပွင့်ဆိုင်တွေ့ဖို့ကိစ္စရှိလားလို့ မေးတဲ့အပေါ် ထရမ့်ပ်က ဖြေကြားခဲ့တာပါ။
ထရမ့်ပ်က “ယူကရိန်းအရေးအတွက် မဟုတ်ပါဘူး။ နျူကလီးယား လက်နက်တွေအကြောင်းနဲ့ နျူကလီးယား ဖျက်သိမ်းရေးအတွက်ပါ။ အဲဒီအတွက် ကျနော် ၃ ပွင့်ဆိုင်တွေ့ဖို့ အသင့်ရှိပါတယ်။ ကျနော့်ရဲ့ သမ္မတသက်တမ်းအတွင်း ကျနော်တို့မှာ နျူကလီးယားလက်နက်တွေ တခြားနိုင်ငံတွေထက် ပိုများလာပါတယ်။ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုမှာ ရုရှားက ဒုတိယ၊ တရုတ်က တတိယနေရာမှာရှိပြီး တရုတ်က လိုက်မီတော့မှာပါ”လို့ ပြောပါတယ်။
ဒါ့အပြင် ထရမ့်ပ်က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ရုရှားစစ်ပွဲ အဆုံးသတ်ဖို့ ယူကရိန်းသမ္မတ ဇလန်းစကီးထက် တခြားသူ တယောက်ယောက်ကို အသုံးပြုသင့်တယ်လို့ ပြောပါတယ်။
“ရုရှားက ယူကရိန်းအရေးမှာ အဆင်ပြေပါတယ်။ သူတို့ ဘာမှ များများစားစားမလုပ်ခဲ့ဘူး”လို့ ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်ဟာ ယူကရိန်းနဲ့ပတ်သက်ပြီး စုံစမ်းထားမှုတွေကို ဆက်ပြီး မျှဝေနေမှာဖြစ်ပြီး ယူကရိန်းနိုင်ငံသားတွေကိုလည်း စစ်ပွဲမပြီးမီ အမေရိကန်မှာ နေထိုင်ခွင့်ယာယီပေးဖို့လည်း စဉ်းစားထားတယ်လို့ ထည့်သွင်းပြောခဲ့ပါသေးတယ်။
ပြင်သစ်အရေးနဲ့ပတ်သက်ပြီးလည်း ထရမ့်ပ်က ပြင်သစ်နိုင်ငံဟာ နယ်စပ်တွေကို မပိတ်ခဲ့လို့ အခုလို ဆန္ဒပြဆူပူမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Source: Reuters











