DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရခိုင်ပြည်သူ ၃ ဦး ဒဏ်ရာရ၊ ရေတပ်က ရွာကို ပစ်ခတ်မီးရှို့ 
DVB
·
December 5, 2023
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရခိုင်ပြည်သူ ၃ ဦး ဒဏ်ရာရ၊ ရေတပ်က ရွာကို ပစ်ခတ်မီးရှို့ 
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ဒီဇင်ဘာ ၄ ရက်က စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့မှာ မနေ့ ညနေပိုင်းက ခလရ ၅၄၀ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အလယ်စျေးရပ်ကွက်မှာ ကျရောက်ပေါက်ကွဲပြီး ဈေးရောင်းနေတဲ့ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့ဒေသခံတယောက်က ပြောပါတယ်။

ဒဏ်ရာရရှိခဲ့သူကတော့ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်က အသက် ၅၃ နှစ်အရွယ် ဒေါ်ဦးသိန်းနု ဖြစ်ပြီး ဦးခေါင်းမှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့တာလို့ ဆိုပါတယ်။

ပလက်ဝက်မြို့နယ်မှာလည်း မနေ့ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီဘက်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ကျေးရွာတွေကို ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စက်ပိုက်ပြင်ကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးသန်းမောင်နဲ့ ဇာတိကိုင်းကျေးရွာက စစ်ဘေးရှောင်အမျိုးသားတယောက် ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့  ပြည်သူ ၃၀ ကျော်လောက် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာကိုလည်း  ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီရေတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာကို ဒီနေ့မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီရဲ့ ရေတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ရွာထဲကိုဝင်ပြီး မီးရှို့ခဲ့ကြတယ်လို့ ပေါက်တောမြို့ဒေသခံတယောက်က ပြောပါတယ်။

မနော်သီရိကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော် ၃၀၀ ဝန်းကျင်လောက်ရှိပြီး အိမ်ခြေဘယ်လောက် မီးလောင်တယ်ဆိုတာကို အတည်မပြုနိုင်သေးဘဲ မီးခိုးလုံးတွေ၊ မီးတောက်တွေကိုပဲ အဝေးကနေ လှမ်းမြင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရေတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ကျေးရွာနဲ့ ခမောင်းတောကျေးရွာကိုလည်း ဒီဇင်ဘာ ၃ ရက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၄၆ လုံးခန့် မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက်က တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် ကုန်းလမ်း၊ ရေလမ်းတွေ ခရီးသွားလာခွင့် ဖြတ်တောက်ထားတဲ့အပြင် ပြည်သူလူထုကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဥ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့လို့ အပြစ်မဲ့ပြည်သူတွေ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013