အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့လိုပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေဟာ နှစ်နိုင်ငံအစိုးရအချင်းချင်းဆောင်ရွက်ရတာဖြစ်လို့ မည်သည့်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ စစ်အာဏာရှင် သမ္မတက ပြောပါတယ်။
ဇူလိုင် ၉ ရက်က ပြုလုပ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်း အဝေးမှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောလိုက်တာပါ။
နယ်စပ်ဂိတ်တွေနဲ့ပတ်သက်ပြီး နယ်စပ်ဆိုင်ရာ စီမံခန့်ခွဲရေးဟာ သက်ဆိုင်ရာ နှစ်နိုင်ငံအစိုးရတွေကသာ အဓိကတာဝန်ယူ ကြပ်မတ်ကွပ်ကဲစီမံရတာဖြစ်လို့ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အခြားနိုင်ငံကမှ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူးလို့ ဆိုပါတယ်။
အိမ်နီးချင်း ၅ နိုင်ငံနဲ့ ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်မှုလမ်းကြောင်းတွေဟာ နယ်စပ်ဒေသကူးသန်းသွားလာမှုနဲ့ ကုန်သွယ်မှုကို များစွာအထောက်အကူပြုတာကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို အမြန်ပြီးအောင် ဆောင်ရွက်ရမယ်လို့လည်း ပြောပါတယ်။
ဒီလိုဆောင်ရွက်တာမှာ တည်ဆောက်ရေးပိုင်း၊ လုံခြုံရေးပိုင်း၊ ဥပဒေအရထိန်းချုပ်ရေးပိုင်းတွေကို ဆောင်ရွက်ဖို့လိုသလို တည်ဆောက်ရေးတွေလုပ်ဖို့ နိုင်ငံအလိုက် သဘောတူညီချက်၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ သဘောတူညီချက်တွေကို ပြီးပြတ်အောင်ဆောင်ရွက်ပြီး လုံခြုံရေး အထိုက်အလျောက်ကောင်းလာပြီဖြစ်လို့ တည်ဆောက်ရေးပိုင်းတွေကို တပြိုင်တည်း အကောင်အထည်ဖော်သွားဖို့လိုတယ်လို့ ဆိုပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်းမှာ အခုအခါလုပ်ငန်းတွေ ပြန်လည်စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ပဲခူး၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ထိုင်းနယ်စပ် အမြန်လမ်းမကြီးကိုလည်း လုံခြုံချောမွေ့စွာ သွားနိုင်အောင် စီမံသွားဖို့ လိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရပ်ဝန်းနဲ့ ပိုးလမ်းမကြီးစီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနဲ့ ဆက်စပ်နေတဲ့ အဝေးပြေးလမ်းမကြီး ဖောက်လုပ်တဲ့ လုပ်ငန်းတွေ ရပ်တန့်နေတာကိုလည်း အမြန်ဆုံးပြန်လည်စတင်နိုင်အောင်ဆောင်ရွက်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်စပ်ဆောင်ရွက်နေတဲ့ စီမံကိန်းကြီးတွေထဲပါ မဟာဗျုဟာ အရအရေးပါတဲ့ အဝေးပြေးလမ်းမကြီးတွေ ဖောက်လုပ်တဲ့ လုပ်ငန်းတွေကို လက်ရှိ စစ်အာဏာရှင် အစိုးရတာဝန်ယူနေတဲ့ ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့လည်း စစ်အာဏာရှင် သမ္မတက ပြောပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်း ပြန်လည်စတင်နေပြီလို့ စစ်အာဏာရှင်သမ္မတက ပြောကြားခဲ့ပေမဲ့ အိန္ဒိယ-မြန်မာနယ်စပ်အနီး စစ်ကိုင်းတိုင်း၊ ကလေး-တမူး-ခမ်းပတ် လမ်းပိုင်းမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေသလို ထိုင်း-မြန်မာနယ်စပ်မှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတိုက်ပွဲတွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။










