Home
အနုပညာ
အိုဘားမား ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်သည့် ရုပ်ရှင် မိတ်ဆက်ပြသ
DVB
·
December 5, 2023

အမေရိကန် သမ္မတဟောင်း အိုဘားမားဇနီးမောင်နှံ တည်ထောင်ထားတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်တဲ့ ဟောလိဝုဒ်နာမည်ကျော် မင်းသမီးကြီး ဂျူလီယာ ရောဘတ်စ် ခေါင်းဆောင် ပါဝင်ထားတဲ့ “Leave the World Behind” ရုပ်ရှင်ကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မိတ်ဆက်ပြသခဲ့ပြီး ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီကားကိုတော့ “Leave the World Behind” အမည်နဲ့ ရေးသားခဲ့တဲ့ အမေရိကန် စာရေးဆရာ ရူမန်အလန်ရဲ့ ဝတ္ထုကို အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီး Mr. Robot နဲ့ Homecoming ရုပ်သံစီးရီးစ်တွေနဲ့ နာမည်ကြီးတဲ့ ဟောလိဝုဒ်ရုပ်ရှင် ဒါရိုက်တာ ဆမ်အက်စ်မေးလ်က ရိုက်ကူးပုံဖော်ပေးထားတာပါ။

ဒီရုပ်ရှင်ထဲမှာ ဂျူလီယာ ရောဘတ်စ်ကိုတော့ ခင်ပွန်းသည်နဲ့ ကလေး ၂ ယောက်မိခင် အမန်ဒါ ဆိုတဲ့ ဇာတ်ကောင်အဖြစ်နဲ့ ရှုစားကြရမှာဖြစ်ပြီး သူနဲ့အတူ ဟောလိဝုဒ်နာမည်ကျော်တွေ ဖြစ်ကြတဲ့ မဟာရှာလာ အလီ၊ အီသန်ဟော့ခ်၊ ကယ်ဗင် ဘေကွန်တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

မင်းသမီး ဂျူလီယာ ရောဘတ်စ်က ဒီရုပ်ရှင်ကားထဲမှာ အလွှာပေါင်းစုံကနေ ထင်မှတ်မထားတဲ့ နေရာက ဝင်ရောက်လာတဲ့ သည်းထိတ်ရင်ဖိုအဖြစ်အပျက်တွေနဲ့အတူ သူ့ကို ကွဲပြားခြားနားတဲ့ ဇာတ်ဆောင်စရိုက်တမျိုးနဲ့ ပရိသတ်တွေ တွေ့ကြရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

စိတ္တဇ သည်းထိတ်ရင်ဖိုဇာတ်လမ်းဇာတ်ကွက်တွေ၊ အလှည့်အပြောင်းတွေနဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ The American Film Institute (AFI) ရုပ်ရှင်ပွဲတော်မှာ ပြီးခဲတဲ့ အောက်တိုဘာ ၂၅ ရက်က ပြသခဲ့ပြီးတော့ နက်ဖလစ်စ်မှာတော့ ခုတပတ်တည်းမှာ ပြသသွားမယ်လို့ သိရပါတယ်။

ကြာမြင့်ချိန် ၁၄၁ မိနစ်ရှိတဲ့ ဒီကားကိုတော့ ရုပ်ရှင်ဝေဖန်ရေးဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Rotten Tomatoes မှာ ထူးထူးခြားခြား ကောင်းမွန်တဲ့ ဇာတ်အိမ်တည်ထားတဲ့ သည်းထိတ်ရင်ဖိုစရာ ဇာတ်ကားအနေနဲ့ ကြည့်ရှုသူကို ပေါ့ပေါ့ပါးပါး ရိုးရိုးရှင်းရှင်း ဆွဲဆောင်ထားတယ်လို့ မှတ်ချက်ပေးထားပြီး Rating 6.9/10 ရရှိထားပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024