DVB Logo
Home
နိုင်ငံတကာ
ထိုင်းသင်္ကြန်ပွဲ  ၁ လ လုံးကျင်းပမည့် အစီအစဉ် ဝေဖန်ကန့်ကွက်ခံနေရ
DVB
·
December 4, 2023
ထိုင်းသင်္ကြန်ပွဲ  ၁ လ လုံးကျင်းပမည့် အစီအစဉ် ဝေဖန်ကန့်ကွက်ခံနေရ
Donate to DVB

လာမယ့်ဧပြီလထဲမှာ ကျရောက်မယ့် ထိုင်းနှစ်သစ်ကူး သင်္ကြန်ရေသဘင်ပွဲတော်ကို  နိုင်ငံတကာပွဲအဖြစ် အဆင့်မြှင့်ပြီး ကြီးကျယ်ခမ်းနားစွာ တလလုံးလုံး ကျင်းပသွားဖို့ လက်ရှိအာဏာရ ဖွေ့ထိုင်းပါတီက အဆိုပြုထားပါတယ်။

နိုင်ငံတကာ အဘိမဟာရေသဘင်ပွဲတော်ကို တစ်လလုံးလုံးကျင်းပခြင်းအားဖြင့်  ကမ္ဘာလှည့် ခရီးသည်ပေါင်း ၃၅ သန်းလောက် လာရောက်လည်ပတ်ပြီး ဝင်ငွေ ဘတ်သန်းပေါင်း ၃၅၀၀၀ လောက်ရမယ်လို့ ခန့်မှန်းတယ်၊ ပွဲတော်ကျင်းပရေး ရန်ပုံငွေ ဘတ်သန်းပေါင်း ၅၀၀၀ ရင်းနှီးမြှုပ်နှံရမယ်လို့ ထိုင်းအမျိုးသား ဆော့ဖ်ပါဝါကော်မတီ ဒုဥက္ကဋ္ဌ ဖဲထောင်းထန်း ရှင်နာဝပ်က ပြီးခဲ့တဲ့အပတ် Thai Soft Power အစည်းအ‌ဝေးမှာ အဆိုပြုခဲ့ပါတယ်။ 

အဘိမဟာသင်္ကြန်ဗဟိုမဏ္ဌပ်ကို ဘန်ကောက်ရှိ ကွင်းပြင်ကျယ်တစ်ခုခုမှာ ကျင်းပပြီး  ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ တခြားခရိုင်ရှိ မြို့ကြီးတွေမှာလည်း ဒေသရဲ့အထင်ကရ သင်္ကေတနဲ့အညီ အလှည့်ကျကျင်းပသွားမယ်၊  ဒေသထွက်ကုန်ပစ္စည်းရောင်းအားတွေပါ မြှင့်တင်နိုင်မယ်လို့ ဆိုပါတယ်။

ဒီအဆိုပြုချက်ပေါ်မှာ ထောက်ခံသူတွေရှိသလို ဝေဖန်ကန့်ကွက်သူတွေလည်း ရှိနေပါတယ်။ 

ဝန်ကြီးချုပ် ဆေထာထဝီးဆင်၊ ကာကွယ်ရေးဝန်ကြီးချုပ် ဆူထင်းခန်းဆိုင်၊  ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်အသင်းတွေကထောက်ခံပြီး  တတ်သိပညာရှင်၊ နာမည်ကြီးတက္ကသိုလ် ပါမောက္ခ၊ ကထိကတွေ၊ အခြေခံဥပဒေကာကွယ်စောင့် ရှောက်ရေးအဖွဲ့ ၊  လူ့အခွင့်အရေးဆိုင်ရာရှေ့နေ၊ အတိုက်အခံပါတီဝင်တွေကတော့ မသင့်လျော်ကြောင်း ကန့်ကွက်နေကြပါတယ်။

မထောက်ခံတဲ့အုပ်စုရဲ့ အကြောင်းပြချက်မှာ  သင်္ကြန်ပွဲဆိုတာ သက်ဝင်ယုံကြည်ခြင်း၊ ရိုးရာထုံးတမ်းစဉ်လာနဲ့ သက်ဆိုင်တယ်၊ သက်ဝင်ယုံကြည်မှုမှာ နက္ခတ္တအယူအဆ၊ ဗေဒင်ကိန်း ခန်းတွေပါတယ်၊ သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့၊ နှစ်သစ်ကူးဆိုပြီး ၄ ရက်ပဲရှိတယ်၊ တလလုံး ခရိုင်အသီးသီးမှာ အလှည့်ကျကျင်းပရင် နတ်သမီးက  ဗြဟ္မာဦးခေါင်းကို တလလုံးကိုင်ထားရမှာလား၊  ရိုးရာဓလေ့ကို ပြောင်းချင်သလိုပြောင်းရင်  မိမိယဉ်ကျေးမှုကို တန်ဖိုးချရာရောက်တယ် ဝေဖန် ပြောဆိုပါတယ်။

ရေသဘင်ပွဲတော်ကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်ရင် ဒါကိုစတင်ကြံစည် စိတ်ကူးသူ ဟာ  ရာဇဿတ်ကြီးဥပဒေ ပုဒ်မ ၈၃ အရ အရေးယူခံရနိုင်တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ဒီနှစ်ဟာ အယ်နီညိုလာမှာဖြစ်တယ်၊ မိုးခေါင်ရေရှားပြဿနာရှိမယ်၊ တစ်လလုံးလုံးရေကစားပြီး ဖြုန်းတီးပစ်မှာလားလို့လည်း ထောက်ပြကြပါတယ်။

ခါတိုင်း သင်္ကြန်ကာလ ယာဉ်အန္တရာယ်သတိထားရမယ့်ကာလကို ၁၀ ရက်သတ်မှတ်တယ်၊ အဲဒီ ၁၀ ရက်အတွင်း  လမ်းမပေါ်မှာ လုံခြုံရေးဂိတ်တွေတိုးချဲ့ချထားတာ၊ ဝန်ထမ်းတွေ သောင်းနဲ့ချီ တာဝန်ပေးတာမှာ ရန်ပုံငွေအများကြီးသုံးရတယ်၊ ဒါတောင်မှ နှစ်စဉ်သောက်စားမူးယစ်တာ၊ ယာဉ်မတော်တဆမှုတွေကနေ သေဆုံးမှုနှုန်းက သိသိသာ မကျဆင်းဘူး၊ တစ်လလုံးအတွက်ဆို ဘယ်လို စီမံကြမလဲ၊ တစ်လလုံးလုံး အလုပ်မလုပ်ဘဲ ရေကစားပျော်ပါးနေတော့မှာလား။  နိုင်ငံခြားသားတွေဆိုတာဟာလည်း အဲဒီဧပြီလတွင်း သူတို့ပွဲနဲ့သူတို့ရှိတယ်၊ တချို့နေရာမှာ စစ်ပွဲတွေဖြစ်နေတယ်၊ သန်းနဲ့ချီပြီးထိုင်းမှာ ရေလာကစားကြမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ နိုင်ငံတော်ဘဏ္ဍာငွေကို တကယ်လိုအပ်တဲ့နေရာမှာပဲ သုံးစွဲသင့်တယ်၊  ပျော်ပွဲရွှင်ပွဲအတွက် ဒီလောက်များတဲ့ငွေတွေ မသုံးသင့်ဘူး စသဖြင့် ထောက်ပြဝေဖန်နေကြပါတယ်။ 

ဒီအဆိုပြုချက်ကတော့ အတည်မဖြစ်သေးဘဲ ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများအစည်းအဝေးက သဘောတူပြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးမှသာလျှင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ 

Source: Sanook 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013