DVB Logo
Home
မြန်မာသတင်း
အော်ရီဒူးဆင်းကတ်သုံးရာမှာ အဆင်မပြေမှုတွေ ရှိနေ
DVB
·
August 20, 2014
အော်ရီဒူးဆင်းကတ်သုံးရာမှာ အဆင်မပြေမှုတွေ ရှိနေ
Donate to DVB

ရန်ကုန်မြို့အတွင်းမှာ မကြာခင်ကမှ စတင်ဖြန့်ချိရောင်းချနေတဲ့ အော်ရီဒူးတယ်လီဖုန်း ဆင်းကတ်တွေကို အသုံးပြု ခေါ်ဆိုတဲ့အခါ အဆင်ပြေသူတွေလည်း ရှိသလို အဆင်မပြေမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ သုံးစွဲနေသူတွေက ပြောပါတယ်။

အော်ရီဒူး ဆင်းကတ်ဝယ်သူ အသုံးပြုသူတွေအနေနဲ့ ဖုန်းခေါ်ဆိုတဲ့အခါ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)ထက် ခေါ်ဆိုခ သက်သာပေမယ့်လည်း ရန်ကုန်မြို့တွင်းက နေရာတော်တော်များများမှာ လိုင်းမမိတာတွေ၊ ခေါ်ဆိုရ ခက်ခဲ တာတွေလဲ ဖြစ်နေတဲ့အတွက် အော်ရီဒူဖုန်းကတ်တမျိုးတည်းပဲ စွဲပြီးသုံးဖို့ အဆင်မပြေကြသေးဘူးဆိုတဲ့ အသံတွေ သုံးစွဲသူတွေထံက နေ့စဉ်လိုလို ကြားနေရတာပါ။

Ooredoo simရန်ကုန်မြို့တွင်းက နေရာတွေမှာ အော်ရီဒူးဆင်းကတ် အသုံးပြုသူတွေကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ တော်တော်များများက အသုံးပြုရ အဆင်မပြေသေးကြောင်းနဲ့ အမ်ပီတီ ဆင်းကတ်တွေကို တွဲသုံးနေရသေးကြောင်း ပြောဆိုကြတာပါ။

လှိုင်သာယာ မီးခွက်ဈေးနားမှာနေတဲ့ ကိုမျိုးမင်းကတော့ အော်ရီးဒူးကို စမ်းသပ် သုံးစွဲခွင့် ပေးထားတဲ့ သြဂုတ် ၁၄ ရက်နေ့မတိုင်ခင်ကာလတွေတုန်းက ထက်စာရင် နောက်ပိုင်းတွေမှာ နည်းနည်း ပိုကောင်းလာတာပဲ ရှိပြီး နေရာစုံမှာ ဖုန်းလိုင်းမမိဘူးလို့ ပြောဆိုပါတယ်။
“အရင်တုန်းက မကောင်းဘူးပေါ့။ မကောင်းဘူးဆိုတာက အလကားပေးထား တယ်ဆိုတော့ မကောင်းတာပေါ့။ နောက်ပိုင်းက နည်းနည်းသာလာတာပဲ ရှိတယ်။ ခေါ်ရပြုရတာ သိပ်အဆင်မပြေဘူးဗျ။ အသံမကြည်တာတို့ ဖြစ်တယ်။ ခေါ်ရတာခက်တော့ ကတ်ဖြုတ်ပြီး သိမ်းထားတယ်။ အမ်ပီတီပဲ သုံးနေရတာပေါ့ဗျာ။ ဟိုက... ဆက်လို့မှ မရတာ။”

တချို့သုံးစွဲသူတွေကတော့ အော်ရီဒူးဖုန်းလိုင်းဟာ လိုင်းမိတဲ့မြို့နယ်တွေလောက်သာ အဆင်ပြေပြီး နေရာစုံ သယ်သွာလို့ မကောင်းဘူးလို့ ဆိုကြပါတယ်။

ရန်ကုန်မြို့အနှံ့ လှည့်လည်သွားလာနေရတဲ့ ဆေးကုမ္ပဏီဝန်ထမ်း ဦးကောင်းဆက် ကတော့ အော်ရီဒူးနဲ့ အမ်ပီတီ ၂ ခုစလုံးကို အသုံးပြုကြောင်းနဲ့ သူအတွေ့အကြုံအရ အော်ရီဒူဆင်းကတ်က လိုင်းမိတဲ့မြို့နယ်တွေကို ခုလို ပြောပြပါတယ်။

“လှိုင်သာယာဘက်မှာ ဆိုရင် တိုင်မမိဘူး။ ရွှေပြည်သာတို့ မင်္ဂလာဒုံတို့မှာ မိတယ်။ တောင်ဥက္ကလာတို့ တောင်ဒဂုံတို့မှာ မိတယ်။ မြို့ထဲပိုင်းပဲ လိုင်းမိတယ်။ ကြည့်မြင်တိုင်မှာ တခါတခါ မမိဘူး။ အရင်တုန်းက အော်ရီဒူးထွက်လာရင် အမ်ပီတီကို လွှင့်ပစ်မယ် စဉ်းစားထားတယ်။ အခုတော့ လွှင့်ပစ်လို့ မရသေးဘူး။ ရှင်းရှင်းပြောရရင် အော်ရီဒူးတောင် လွှင့်ပစ်ဖို့ များသွားတယ်။”

အော်ရီဒူဆင်းကတ်နဲ့ ဖုန်းခေါ်တဲ့အခါ အချင်းချင်းခေါ်ဆိုရင် ၁ မိနစ် ၂၅ ကျပ်၊ အမ်ပီတီ ကို ခေါ်ဆိုရင် ၃၅ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

တယ်လီဖုန်းလိုင်းအသုံးပြုသူတွေအနေနဲ့ ဖုန်းလိုင်း ကြည်ကြည်လင်လင် ပြောဆိုလို့ ရပြီး အင်တာနက်လည်း အသင့်အတင့်ကောင်းတာမျိုးကို မျှော်လင့်ထားကြတာပါ။

သုံးစွဲသူတဦးဖြစ်တဲ့ ကိုမြတ်မိုးကျော်က ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ သူမျှော်လင့်ချက်ကို ခုလို ဆိုပါတယ်။

“အဓိက ပြည်သူတယောက်အနေနဲ့ ဖုန်းဆက်သွယ်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ ဆက်သွယ်လို့ရမယ်၊ ဖုန်းပြောဆိုခ သက်သက်လေး ရှိမယ်။ နောက်တခုက အင်တာနက်လည်း ကောင်းဖို့ မဟုတ်ရင်လည်း သုံးလို့ အဆင်ပြေ လောက်တဲ့ အနေအထားလေး ဖြစ်ရမယ်။ အဲဒီလိုလေး ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီလောက်ဆိုရင် ကျေနပ်နေပါပြီ။”

အော်ရီဒူး မြန်မာကုမ္ပဏီက ပြည်သူ့ဆက်ဆံရေးမန်နေဂျာ ဒေါ်သီရိကြာညိုကတော့ ခုလို သုံးစွဲသူတွေအကြား ရင်ဆိုင်ကြုံတွေနေရတဲ့အခက်အခဲတွေကို ကုမ္ပဏီအနေနဲ့ ကြိုးစား ဖြေရှင်းပေးနေတဲ့ အကြောင်း ဒီဗွီဘီကို ခုလိုပြောပါတယ်။

“အခုလောလောဆယ် ရန်ကုန်မြို့နယ်တွေထဲမှာ တိုင်းပေါင်း ၂၀ ကျော် ဆောက်ပြီး သွားပြီ။ သုံးစွဲတဲ့ မိဘပြည်သူတွေရဲ့ ဘယ်နေရာမှာ ဘာတွေ လိုအပ်နေလဲဆိုတာ နားထောင်ပြီး တိုင်တွေကို ဆက်တိုက်ဆောက်နေတယ်။ ပြီးတာတွေလည်း နေ့စဉ်နဲ့အမျှပြီး နေတယ် ဆိုတော့ ရန်ကုန်နဲ့ ကွန်ရက်ကောင်းလာဖို့ အဓိကပေါ့။ မန္တလေးနဲ့ နေပြည်တော်မှ အသံအရမ်း ကြည်လင်ပြတ်သားပြီးတော့ မြန်နှုန်းမြင့် အင်တာနက်တွေ တအားကောင်းတယ်။ ဆိုတော့ ရန်ကန်ကိုတော့ ကွက်လပ်တွေ လိုက်ဖြည့်နေပါတယ်။ တဖြည်းဖြည်းနဲ့ ပြီးနေပါပြီ။”

မြန်မာပြည်သူတွေအနေနဲ့ အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးက ဖုန်းဆင်းကတ်တွေကို နှစ်ပေါင်းများစွာ သုံးစွဲလာရာကနေ နိုင်ငံတကာအဆင့်ရှိတဲ့ တယ်လီဖုန်း အော်ပရေတာတွေဆီက တယ်လီဖုန်း ဆက်သွယ်ရေးအပိုင်းနဲ့ အင်တာနက်အသုံးပြုမှု အပိုင်းတွေ ၀န်ဆောင်မှု ပိုမိုကောင်းမွန်လာနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

လက်ရှိမှာတော့ အော်ရီဒူဆင်းကတ်တွေ အသုံးပြုရ အဆင်မပြေတဲ့နောက်ပိုင်း အမ်ပီတီကို ပြန်သုံးနေကြသလို အော်ရီဒူနဲ့ အမ်ပီတီ ၂ ကတ်လုံးသုံးကြသူတွေလည်း ရှိပြီး တယ်လီနောအပေါ် မျှော်လင့်ချက်တွေနဲ့ စောင့်နေသူတွေလည်း အများအပြားရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013