
ပီရူးလူမျိုး ရာပေါင်းများစွာဟာ ဒီဇင်ဘာ ၂ ရက်က လီမာမြို့ရဲ့လမ်းတွေပေါ် ထွက်လာခဲ့ပြီး ပီရူးသမ္မတ ဒီနာဘိုလွာတေးကို ဖြုတ်ချဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေ သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရှေ့နေချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တိုင်ကြားစာတင်သွင်းဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ပြည်သူတွေ ဒေါသထွက်ပြီး ဆန္ဒပြခဲ့ကြတာပါ။
အခုသီတင်းပတ်မှာ ရှေ့နေချုပ် ပက်ထရီးရှာ ဘန်နာဗီဒက်စ်ဟာ သမ္မတဒီနာဘိုလွာတေးကို စုံစမ်းစစ်ဆေးမယ့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အထူးအဖွဲ့ တဖွဲ့ရဲ့ အကြီးအကဲကို အာဏာအလွဲ သုံးစားလုပ်တယ်လို့ စွပ်စွဲပြီး ရာထူးဖယ်ရှားခဲ့ပါတယ်။
ရှေ့နေချုပ် ဘန်နာဗီဒက်စ်ဟာ ရာဇဝတ်မှုဆိုင်ရာ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ကို သူ့ကိုယ်ပိုင် အကျိုးစီးပွားအတွက် အသုံးချနေပြီး ရာဇ၀တ်ဂိုဏ်း တခုကို ဦးဆောင်နေတယ်လို့ စွပ်စွဲခံ ထားရပါတယ်။
ဆန္ဒပြသူတွေဟာ နိုင်ငံရေးသမားတွေ၊ သမ္မတ ဒီနာဘိုလွာတေးနဲ့ ရှေ့နေချုပ် ပက်ထရီးရှာ ဘန်နာဗီဒက်စ်တို့ကို အဂတိလိုက်စားမှုတွေ များပြားနေတယ်လို့ စွပ်စွဲပြီး သူတို့နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့ရသူတွေနဲ့ ရာနဲ့ချီတဲ့ ထိခိုက်ဒဏ်ရာရသူတွေ အတွက် တရားမျှတမှုကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
မနှစ်က သမ္မတဟောင်း ပေဒရို ကက်စ်တီလို ရာထူးမှ ဖြုတ်ချခံရပြီးနောက် နိုင်ငံမှာ ပြည်သူတွေ ဒေါသထွက်ပြီး သီတင်းပတ်ချီ ဆန္ဒပြခဲ့ကြရာမှာ ကက်စ်တီလိုရဲ့ ဒုသမ္မတ ရာထူးကနေ သမ္မတ ဖြစ်လာတဲ့ ဒီနာဘိုလွာတေး နုတ်ထွက်ဖို့၊ ဖွဲ့စည်းပုံအသစ်နဲ့ လွှတ်တော်အသစ်ကျင်းပဖို့ကို တောင်းဆိုခဲ့ကြပါတယ်။
အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ သွေးထွက်သံယို ပဋိပက္ခတွေအတွင်း ဆန္ဒပြသူ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ရပြီးတော့ ရာနဲ့ချီ ဒဏ်ရာရ ရှိခဲ့ကြပါတယ်။
Source/Photo - Reuters










