DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကဘဏ်များတွင် အပ်နှံငွေ ဘီလီယံနှင့်ချီ မြင့်တက်
DVB
·
August 20, 2014
ပုဂ္ဂလိကဘဏ်များတွင် အပ်နှံငွေ ဘီလီယံနှင့်ချီ မြင့်တက်
Donate to DVB

ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေက ငွေစုဘဏ်အပ်ငွေနဲ့ အချိန်ပိုင်းအပ်ငွေတို့အပေါ် အတိုးနှုန်းကို သြဂုတ် ၁ ရက်နေ့က စလို့ ပြင်ဆင်ပြီးတဲ့နောက် ၂ ပတ်ကြာ ကာလအတွင်းမှာ အချိန်ပိုင်းအပ်ငွေအပေါ် အပ်နှံမှုက ဘီလီယံနဲ့ ချီပြီး မြင့်တက်ခဲ့တယ်လို့ သမ၀ါယမဘဏ် အုပ်ချုပ်မှုဒါရိုက်တာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

kambawza bankပြည်တွင်းက ပုဂ္ဂလိကဘဏ်ကြီးတွေဖြစ်တဲ့ သမ၀ါယမဘဏ်လီမိတက်၊ ကမ္ဘောဇဘဏ် လီမိတက်နဲ့ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်တို့က နိုင်ငံတော်ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်နဲ့ ငွေစုဘဏ်အပ်ငွေနဲ့ အချိန်ပိုင်းအပ်ငွေတို့အပေါ် အတိုးနှုန်းတွေကို သြဂုတ် ၁ ရက်နေ့က စလို့ တိုးမြှင့် ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အပ်ငွေအပေါ် ဘဏ်အတိုးနှုန်းတွေ ပြင်ဆင်ပြီးတဲ့နောက် ဘဏ်မှာ ငွေအပ်နှံတဲ့ပမာဏက ၂ ပတ်အတွင်းမှာ ဘီလီယံနဲ့ ချီပြီး တိုးတက်ခဲ့ကြောင်း သမ၀ါယမဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“အပ်ငွေအပေါ်မှာ အတိုင်းက မြှင့်လိုက်တာကိုး။ အခုက ၄၀ ဘီလီယံလောက်တက်လာတယ်။ ကျနော်တို့မှာ ပိုပြီးလာအပ်တာပေါ့။ ပြောင်းပြီးတဲ့နောက် ၂ ပတ်လောက်အတွင်း တက်လာတယ်။ ဒါသဘာဝကျတယ်လေ၊ အတိုးမြင့်သွားရင် ငွေအပ်တဲ့သူက လာမှာပဲ။”

အလားတူ အတိုးနှုန်းပြင်ဆင်တဲ့စာရင်းထဲမှာ ပါဝင်တဲ့ ကမ္ဘောဇဘဏ်လီမိတက်ရဲ့ ဒု- ဥက္ကဋ္ဌ ဦးသန်းလွင်ကလည်း လက်ရှိဘဏ်ရဲ့ ငွေအပ်နှံမှုအခြေအနေအပေါ် အခုလို ပြောပါတယ်။

“ပေါ်လစီတခုပြောင်းတယ်ဆိုတာက ချက်ချင်းလက်ငင်း သုံးသပ်လို့ မရဘူး။ ၃ လတန်သည် စောင့်ရတယ်။ ၆ လတန်သည် စောင့်ရတယ်။ အဲဒီလို စောင့်ကြည့်ရင် ၃ လစောင့်ကြည့်မယ် ၆ လစောင့်ကြည့်မယ်။ အဲဒီကြားမှာ ကျနော်တို့ တက်လာတယ် အဲဒီလို သုံးသပ်လို့ရတယ်။ နောက်တခါ သတင်းတွေထူးခြားရင် ပြန်ကျသွားပြန်တယ်။ ပြောလို့ မရဘူး။”

ဘဏ်တိုးနှုန်းတွေကို အခုလို တိုးမြှင့်ပြင်ဆင်လိုက်တဲ့အတွက် အရှုံးအမြတ်များတဲ့ စီးပွားရေးကို မလုပ်ချင်တဲ့ ငွေပိုလျှံတဲ့ သူတွေအနေနဲ့ ဘဏ်တိုးနှုန်းနဲ့ အေးအေးချမ်းချမ်း နေထိုင်နိုင်မယ်လို့ ဘဏ်လုပ်ငန်းရှင်တွေဘက်က ပြောပါတယ်။

ဒီလို ဘဏ်တိုးတွေ မြှင့်တင်ပြီး ငွေတွေ ပိုစုလာတာဟာ မြန်မာ့စီးပွားရေးအပေါ် ဘယ်လို ဂယက် ရိုက်မှုတွေ ရှိလာနိုင်ပါသလဲဆိုတာကို စီးပွားရေးမူဝါဒရေးရာလေ့လာသူ ဒေါက်တာ အောင်ကိုကိုက သုံးသပ်ပါတယ်။

“ဘဏ်တွေမှာ စုဆောင်းငွေတွေ မြင့်လာတယ်၊ တက်လာတယ်ဆိုတာက private saving မြင့်လာတယ်ဆိုပေတာက တဖက်ကကြည့်ရင် ကောင်းလာတယ်ပေါ့။ GDP နဲ့ saving ရဲ့အချိုးက မြင့်သထက်မြင့် လာရင် ကောင်းတာပေါ့။ ဒါပေမယ့်လို့ saving ကနေ ရင်းနှီးမြှုပ်နှံမှု အဖြစ်ကို အသွင်မပြောင်းနိုင်ရင်တော့ မကောင်းဘူးပေါ့။ saving ကနေ ရင်းနှီးမြှုပ်နှံမှု အဖြစ် ပြောင်းနိုင်မှ ဒါဟာ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုစွမ်းရည် တက်တာပေါ့။”

ဘဏ်အတိုးနှုန်းတွေ ပြင်ဆင်လိုက်ခြင်းကြောင့် ဒါဟာ ဘဏ်တွေအကြားမှာ ဂိမ်းတခုလို ရှိလာနိုင်တယ်လို့ သူက အခုလို ဆက်လက်ပြောပါတယ်။

“ဘဏ်တိုးနှုန်းမြှင့်တယ် ဆိုတာလည်း ဘဏ်တိုးနှုန်းမြှင့်ပေးနိုင်တဲ့ စီးပွားရေး အင်အား ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိတာပေါ့။ သီအိုရီအရ ပြောမယ်ဆိုရင်တော့ ဘဏ်တိုးနှုန်း မြှင့်တယ်ဆိုရင် ဘဏ်တိုးနှုန်းမြှင့်တဲ့ ဘဏ်တွေဆီမှာ ပိုပြီးစုဆောင်းငွေ အပ်ကြမှာပေါ့။ ကျန်တဲ့ ဘဏ်တွေမှာကလည်း အဲဒီလိုက်မြှင့်နိုင်မလား ဆိုတဲ့ ပုံစံတခုကို စိန်ခေါ်မှုတခုအနေနဲ့ ရင်ဆိုင်ရမှာပေါ့နော်။”

အခု ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ ပြင်ဆင်လိုက်တဲ့ အတိုးနှုန်းတွေကတော့ ငွေစုဘဏ်အပ်ငွေက ၈ ဒသမ ၂၅ ရာခိုင်နှုန်း နဲ့ အချိန်ပိုင်းအပ်ငွေက အချိန်ကာလပေါ် မူတည်ပြီး (၃ လ၊ ၆ လ၊ ၉ လနဲ့ ၁ နှစ်) ၈ ဒသမ ၂၅ ရာခိုင်နှုန်းကနေ၊ ၁၀ ဒသမ ၂၅ ရာခိုင်နှုန်း ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြမယ့် ဘဏ်တွေကို လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်တွေ မကြာခင် ချပေးတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ပြည်တွင်းဘဏ်တွေက ခုလို ငွေအပ်နှံသူတွေအတွက် အတိုးနှုန်းတွေ မြှင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

လက်ရှိ ပြည်တွင်းမှာ နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်အပါအ၀င် ပုဂ္ဂလိကပိုင် ဘဏ်အရေအတွက်က ၂၂ ဘဏ် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013