DVB Logo
Home
မြန်မာသတင်း
မုန်းမြို့က တပ်ရင်း၊ ရဲစခန်းသိမ်းပိုက်ခံရပြီး စစ်ကောင်စီက  လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
December 3, 2023
မုန်းမြို့က တပ်ရင်း၊ ရဲစခန်းသိမ်းပိုက်ခံရပြီး စစ်ကောင်စီက  လေယာဉ်ဖြင့် ဗုံးကြဲ
Donate to DVB

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အခြေစိုက်တပ်ရင်းနဲ့ ရဲစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်သလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပဲခူးတိုင်းအရှေ့ခြမ်း မုန်းမြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာတော့ မုန်းမြို့အခြေစိုက် ခမရ ၅၉၉ တပ်ရင်းနဲ့ မုန်းရဲစခန်းကို သိမ်းပိုက်နိုင်ပြီလို့ လက်တလော ထွက်ပြေးတိမ်းရှောင်နေရတဲ့ မုန်းမြို့ဒေသခံတယောက်ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ည ၁၂ နာရီအချိန်ကတည်းက တိုက်ပွဲပြင်းထန်နေပြီး ညပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်နေပြီး ဒီကနေ့ ၃ ရက်နေ့ မနက်မှာတော့ မြို့ထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

လက်ရှိမှာ လေယာဉ်တွေဆက်တိုက်ပျံဝဲနေတဲ့အတွက် ပြည်သူတွေ အပြင်မထွက်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပြီး ဖုန်းလိုင်းတွေလည်း ပြတ်တောက် နေတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ကိုယ်တွေက တံတားနားမှာ။  ဖြစ်တာက တမြို့လုံးပဲ။ မုန်းက ကျဉ်းကျဉ်းလေးလေ။ မြို့ထဲက အပျက်အစီးတော့ မသိရသေးဘူး။ အပြင် မထွက်ရဲကြလို့။ ဝင်ပေါက်၊ ထွက်ပေါက်တွေ အကုန်ပိတ်ထားတယ် ပြောတယ်။ တော်လှန်ရေးအဖွဲ့တွေဘက်က ပိတ်ထားတာ။ လေယာဉ်နဲ့ ပစ်နေတော့ ထိကုန်မှာ စိုးလို့။ ခုထိ အိမ်ထဲက ဘယ်သူမှ မထွက်ရဲဘူး။ ဖုန်းကလည်း MPT ပဲ ရတော့တယ်” လို့ ပြောပါတယ်။

မုန်းမြို့ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီအားပေးတဲ့ တယ်လီဂရမ် ချန်နယ် တခုမှာ “အခြေစိုက်စစ်စခန်းများမှ အကဖများ မနေ့ညမှ စတင်၍ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းရာ ယခုလက်ရှိ အချိန်အထိ မုန်းမြို့ရဲစခန်းနှင့် မုန်းမြို့အဝင် တံတား၊ ကင်းစခန်းများ ဆုတ်ခွာပေးလိုက်ရပြီး လက်ရှိ ၅၉၀ တပ်တွင်းသို့ အကဖများ ရောက်ရှိနေ၊ မုန်းမြို့အား အကဖများမှ စီးနင်းသိမ်းပိုက်ထား” လို့ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။

မုန်းမြို့ကနေ တိမ်းရှောင်နေရတဲ့ ဒေသခံတယောက်က “မုန်း ၁၊ မုန်း ၂ ရပ်ကွက်နဲ့ တုန်းတော၊ အုပ်ဖြတ်၊ မုန်း ၄၊ ရေအိုးစဉ်၊ ကော့ပြင်း၊ စည်ပင်သာရွာတွေမှာ လက်နက်ကြီးတွေကျပြီး ဒေသခံတွေ အများကြီးပိတ်မိနေတယ်။ အခုမနက်ပိုင်းတော့ မုန်းအဝင် တံတားဘက်မှာတော့ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ လေယာဉ်တွေကလည်း ဗုံးတွေ ကြဲတုန်းပဲ။ ခမရ ၅၉၉ တပ်ရင်း၊ ၅၉၀ တပ်ရင်းနဲ့ ရဲစခန်းတွေတော့ ကျသွားပြီ။ မြို့ထဲမှာ ပိတ်မိနေတဲ့ သူတွေက ဖုန်းလိုင်းတွေ ရတုန်းက လှမ်းပြောတာ။ မြို့သိမ်းလိုက်နိုင်ပြီ လို့တောင် ပြောလို့ရနေပြီ။ ဒါပေမဲ့ စစ်ကောင်စီဘက်ကလည်း ဆုတ်ရင်းနဲ့ လက်နက်ကြီးတွေနဲ့ ထုနေဆဲ။ လေယာဉ်တွေနဲ့ ဗုံးကြဲဆဲမလို့ တော်လှန်ရေးအဖွဲ့တွေကတော့ သတင်းမထုတ်နိုင်သေးဘူးထင်ပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာ မုန်းမြို့ အပါအဝင် ပတ်ဝန်းကျင် ရွာ ၆ ရွာလောက်က ဒေသခ့တွေ ပိတ်မိနေပြီး တောင်ငူဘက်ကို ထွက်ပြေးတိမ်းရှောင်သူ ၁၆၀၀ ကျော်ရှိတယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

လက်ရှိ မုန်းမြို့အခြေအနေနဲ့ပတ်သတ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013