DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်သားများ ဗုံးကြဲတိုက်ခိုက်ခံရ၊ ဒေသခံ ၃ ဦးကို စစ်တပ်ဖမ်းဆီး
DVB
·
December 3, 2023
ဘုတလင်တွင် စစ်သားများ ဗုံးကြဲတိုက်ခိုက်ခံရ၊ ဒေသခံ ၃ ဦးကို စစ်တပ်ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က စစ်ကောင်စီအထိုင်စခန်းတွေကို ပြည်သူ့ ကာကွယ်ရေးတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြောက်ကျည်ရွာက ဒေသခံ ၃ ယောက်ကို စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်းမှာ ဘုတလင်မြို့ကနေထွက်လာတဲ့ စစ်ကြောင်းဟာ ၆ နာရီလောက်မှာ မြောက်ကျည်ရွာကိုဝင်ရောက်ပြီး ဆိုက်တွဲ(သုံးဘီး) မောင်းသူ အပါအဝင် အရပ်သား ၃ ယောက်ကို ဖမ်းဆီသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ကျနော်တို့ မြောက်ကျည်ရွာက ဘုတလင်မြို့ရဲ့ မြောက်ဘက် ကပ်လျက်ရှိတဲ့ ရွာလေးပါ။ သူတို့ ဘုတလင်စခန်းက ထွက်လာပြီး ကနဦး ရွာတောင်ပိုင်းကအိမ်တွေကို မွှေနှောက်ရှာဖွေတာတွေ လုပ်တယ်။ အဲလိုရှာဖွေတာတွေ လုပ်ပြီး မြောက်ကျည်ရွာနဲ့ ဘုတလင်မြို့ကို ခေါက်တိုပြေးဆွဲနေတဲ့ သုံးဘီးမောင်တဲ့ ကိုမင်းနိုင် အသက် ၅၀ နီးပါး အပါအဝင် အရပ်သားပြည်သူ ၃ ယောက်ကို ဘုတလင်ရဲစခန်းကို ဖမ်းခေါ်သွားတယ်။ ဘာလို့ဖမ်းရတာလဲဆိုတော့ အရပ်သား စစ်‌စစ်တွေပါ။ သူတို့ ဖမ်းချင်လို့ကို ဖမ်းသွားကြတာ။ ကိုမင်းနိုင်ဆိုရင် ဆိုက်တွဲထွက်ဖို့ ကုန်တင်တဲ့ပစ္စည်းပိုင်ရှင်နဲ့ ဖုန်းဆက်နေတာကို သူတို့စစ်ကြောင်းလာတာကို ဖုန်းဆက်ရဲတယ်၊ မင်းကဆရာကြီးလား ဆိုပြီး ထိုးကြိတ်၊ ရိုက်နှက်ပြီး ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ကတော့ ဘုတလင်မြို့က စစ်ကောင်စီအထိုင်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းအသုံးပြုပြီး ဗုံးကြဲချခဲ့တယ်လို့ ဘုတလင်မြို့ဒေသခံ ကာကွယ်ခေါင်းဆောင်တွေက ပြောပါတယ်။

နေ့ခင်း ၂ နာရီခွဲကနေ ညနေ ၄ နာရီအထိ ဗုံးကြဲခဲ့တာလို့ Chindwin Brother Force တာဝန်ရှိသူက ပြောပါတယ်။

“မနေ့က ၂ နာရီခွဲက စစ်ကောင်စီအထိုင်ချနေထိုင်တဲ့ ကြောင်ပန်းဂိတ်ရယ်၊ ၂ နာရီ ၄၅ မိနစ် ဒုတိယအကြိမ် ကြောင်ပန်းဂိတ်ရယ်။ ညနေ ၃ နာရီ ၁၅ မိနစ်က တတိယအကြိမ် CB ဘဏ်ရှေ့။ ညနေ ၄ နာရီမှာ စတုတ္ထအကြိမ် အထွေအုပ်ရုံးအတွင်းကို ဗုံးကြဲချတာတွေ ပြုလုပ်ခဲ့တယ်ဗျ။ စစ်ကောင်စီဘက်က ကျနော်တို့ ဗုံးသီးချလို့ ရဲဘော် ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ ကျနော်တို့ သိထားရတယ်။ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမဲ့ ကျနော်တို့ဘက်က အထိအခိုက် အကျအဆုံးမရှိခဲ့ဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Chindwin Brother Force အဖွဲ့၊ B21 အဖွဲ့၊ မြို့နယ်အုပ်ကြီးများအဖွဲ့၊ ကိုဘရာအဖွဲ့၊ တပင်ရွှေထီးအဖွဲ့နဲ့ နင်ဂျာတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013