
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် တာကြောင့် ခရစ်ယာန်သင်းအုပ်ဆရာ တယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေ လည်းရှိနေတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။
ဇွန် ၃ ရက် ညနေပိုင်းမှာ ဒီးမော့ဆိုမြို့နယ် ၄ နေရာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံး ၅ ကြိမ်ကြဲချတိုက်ခိုက်တာကြောင့် ပြည်သူထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ရှောင်ပြည်သူတယောက်က "ရွာကိုတလုံးကျတာ ၂ ယောက်ထိတယ်။ ၁ ယောက်သေသွားပြီ ခေါင်းထိ ပြီးတော့။ ဆုံးတာက သင်းအုပ်ဆရာတဲ့၊ ကြီးမားတဲ့ဆုံးရှုံးမှုပဲ။ နောက်တနေရာကိုလည်း ကျတာ အဘိုးတယောက် ခေါင်းထိတယ်။ နောက်တနေရာလည်း ၂ ယောက်ထိတယ်။ အခြေအနေ အတိအကျတော့မ သိသေးဘူး"လို့ ပြောပါတယ်။
လေကြောင်းကနေ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေ ထိခိုက်သေဆုံးခဲ့သလို အဆောက်အအုံထိခိုက်ပျက်စီးတာတွေလည်း ရှိပါတယ်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ရှောင်နဲ့ ဒေသခံပြည်သူတွေရှိရာနေရာအများအပြားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ဆို ပါတယ်။
ကရင်နီပြည်နယ်ထဲက မြို့နယ်တွေကို စစ်တပ်က စစ်ကြောင်းထိုးနေတာတွေကြောင့် တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသလို တိုက်ပွဲမရှိတဲ့နေရာတွေကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတာ တွေ ရှိနေပါတယ်။










