DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် အရပ်သား ၂၄ ဦး ဖမ်းခံရ၊ မောင်တောတွင် လမ်းသွားလမ်းလာများကို တင်းတင်းကျပ်ကျပ် စစ်ဆေး
DVB
·
December 2, 2023
စစ်တွေတွင် အရပ်သား ၂၄ ဦး ဖမ်းခံရ၊ မောင်တောတွင် လမ်းသွားလမ်းလာများကို တင်းတင်းကျပ်ကျပ် စစ်ဆေး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုဝင်ဘာလကုန်ပိုင်းက အရပ်သား ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်ဖွဲ့ခွဲမှာလည်း လမ်းသွားလမ်းလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့မှာ နိုဝင်ဘာ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့က အရပ်သားပြည်သူ ၂၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

ဒေသခံတယောက်က “မင်းဂံဖက်က ၁၁ ယောက်နဲ့ မြို့သူကြီးရပ်ကွက်နဲ့ ကိုရီးယားဆိပ်က ၁၃ ဦး ဖမ်းဆီးခံရတယ်လို့ သိရတယ်ဗျ။ နောက် ကိုရီးယား ဆိပ်ကမ်းကပါ ဖမ်းသွားတာတွေရှိတော ဒါထက် အရေအတွက်ပိုနိုင်ပါတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်တွေမြို့၊ မင်းဂံအကွက်၊ ကယ်ဆယ်ရေးရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ပြည်သူ ၁၁ ယောက်ကို စစ်ကောင်စီက စီးနင်းဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၃ နာရီခွဲကလည်း စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်၊ မောင်ရွှေလုံးလမ်းက လဖက်ရည်ဆိုင်မှာ ဆိုင်ထိုင်နေကြတဲ့ လူငယ်တွေနဲ့ လူလတ်ပိုင်း ၁၃ ယောက်ကို ဖမ်းဆီးသွားခဲ့ပြီး စစ်တွေမိဇံရပ်ကွက်က ကိုးရီးယားဆိပ်ကမ်းမှာ အပန်းဖြေနေကြသူတွေကိုလည်း ညနေ ၄ နာရီလောက်မှာ ကားနဲ့ လိုက်လံ ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “ဘာအတွက် ဖမ်းဆီးတာလဲတော့ မသိဘူးဗျ။ သူတို့ သံသယရှိတဲ့နေရာတွေက လူစုလူဝေး တွေ့သမျှကို လိုက်ဖမ်းနေသလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

မင်းဂံရပ်ကွက် လက်ဖက်ရည်ဆိုင်က ဖမ်းဆီးသွားသူတွေကို ခလရ ၂၀ တပ်ရင်းထဲကို ခေါ်သွားပြီး  မြို့သူကြီးရပ်ကွက်နဲ့ ကိုးရီးယားဆိပ်ကမ်း၊ ရန်ပြေမာန်ပြေ ဘုရားကြီး အနီးက ဖမ်းဆီးသွားသူတွေကိုတော့ စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

မောင်တောမြို့၊ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခ် ၅ မှာတော့ နိုဝင်ဘာ ၃၀ ရက်နေ့ကစပြီး လမ်းသွားလမ်းလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

စစ်ဆေးခံခဲ့ရသူတယောက်က “မနေ့က စပြီး စစ်နေတာဗျ။ ဒီနေ့တော့ ပိုပြီး စစ်ဆေးတာများတယ်။ မှတ်ပုံတင်ပါလားမေးတယ်။ ဘယ်ကလာလဲ။ ဘယ်သွားမလဲပေါ့။ ဆိုင်ကယ်ဘောက်တွေကို စစ်တယ်။ ဖုန်းတွေကို စစ်တယ်။ မသင်္ကာသူတွေကို အင်္ကျီချွတ်ခိုင်းတယ်။ ကျောပိုးအတ်လွယ်တဲ့ အရာတွေရှိလား၊ မရှိလား စစ်ဆေးတယ်” လို့ ပြောပါတယ်။

မောင်တောမြို့ အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၅ မှာ ဘူးသီးတောင်အခြေစိုက် ၂၆၃ တပ်ရင်းက လာရောက်တပ်စွဲထားပြီး ခရိုင်ကျန်းမာရေးရုံး ၄ ထပ်ဆောင်မှာ စစ်ကောင်စီက တပ်စွဲနေရာယူထားပါတယ်။

ဘူးသီးတောင်မြို့မှာလည်း ဒီဇင်ဘာ ၁ ရက်နေ့က မြို့အဝင် အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကထောင်ထားတဲ့ မိုင်းကို နွားတကောင်က နင်းမိပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဘူးသီးတောင်မြို့တွင်းကို ပစ်ခတ်ခဲ့ပါတယ်။

အဲဒါကြောင့် လမ်းမကျောင်း စစ်ဘေးရှောင်စခန်းက အသက် ၆၀ အရွယ် ဆွံ့အ နားမကြားသူတယောက် ညာဘက်ပေါင်ကျည်ထိမှန်ခဲ့ရပြီး မြို့သစ် အ.လ.က (ခွဲ)စာသင်ကျောင်းမှာလည်း လက်နက်ကြီးထိမှန်လို့ ကျောင်းပိတ်လိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013